Published 27 June 2022

နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲကို ကာလီဖိုနီးယားပြည်နယ် ပက်တာလူးမားမြို့မှာ  သောကြာနေ့က  ကျင်းပခဲ့ရာမှာ မစ္စတာဟတ်ပီးဖေ့စ် Mr Happy Face လို့အမည်ပေးထားတဲ့ ပန့်စတိုင်အမွေးစုတ်ဖွားနှင့် အမြဲလျှာတစ်လစ်ကလေးနှင့် ဖြစ်နေတဲ့ ခွေးကလေးက ကမ္ဘာ့ရုပ်အဆိုးဆုံးချန်ပီယံဖြစ်သွားပါတယ်။

ပြိုင်ပွဲဝင်ခွေးကလေးတွေ(၉)ကောင်ကို အနိုင်ယူပြီး ၁၇နှစ်သား တရုတ် crested ခွေးကလေးက ဆုရသွားတာဖြစ်ပါတယ်။

မစ္စတာဟတ်ပီးကလေးကို ပြီးခဲ့တဲ့နှစ်က အရီဇုန်းနား Arizona မှာနေတဲ့ အသက်၄၁နှစ်အရွယ် ဂီတသမား ဂျင်နီဒါ ဘင်နယ်လီက ကယ်တင်မွေးစားခဲ့တာပါ။

“ ကပ်ဘေးကာလအတွင်းမှာ ကျွန်မအနေနှင့် ကလေးတစ်ယောက် ဒါမှမဟုတ် ခွေးတစ်ကောင်လောက် မွေးစားရင်ကောင်းမလားဖြစ်မိတယ်။ ကလေးတစ်ယောက်ရဖို့ဆိုတာ ဘုရားပေးမှပဲလေ..အဲဒါကြောင့် ခွေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ဘင်နယ်လီ က ပြောပါတယ်။

ခွေးစောင့်ရှောက်ရေးဂေဟာရောက်တော့ အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ ခွေးတစ်ကောင်ရှိတယ်လို့ ဂေဟာက ပြောပါတယ်လို့ သူမကပြောပါတယ်။ သူက မွေးရာပါကို အလွန်ရုပ်ဆိုးတဲ့အကောင်လေးလည်းဖြစ်ပါတယ်လို့ သူမက ဆိုပါတယ်။

ဂေဟာဝန်ထမ်းက ကျွန်မကိုပြတော့ သူက အတော်အိုနေပြီ။သူ့အနေနှင့် ဒုတိယအကြိမ်အခွင့်အရေးနှင့် အချစ်ခံဖို့ ထိုက်တန်တယ်လို့ ကျွန်မမြင်တယ်” လို့ သူမကဂုဏ်ယူစွာပြောပါတယ်။

မစ္စတာဟတ်ပီးဟာ သခင်ဆိုးဆိုးနှင့်အရင်ကနေခဲ့ရပြီး လျစ်လျူရှုခံ ညှင်းပန်းနှိပ်စက်ခံခဲ့ရတာပါ၊ တိရိစ္ဆာန်ဆရာဝန်က သူဟာရက်သတ္တပတ်အနည်းငယ်ပဲ အသက်ရှင်တော့မှာလို့တောင် သူမကိုပြောခဲ့ပါတယ်။

မေတ္တာတရားနှင့် မိခင်အနမ်းတွေက သူ့အသက်ကိုဆွဲဆန့်နိုင်ခဲ့တာဖြစ်တယ်လို့လည်း ဘင်နယ်လီက ထပ်ပြောပါတယ်။

သူ့ဝါသနာက အိပ်မယ် တခေါခေါနှင့်ဟောက်မယ် အိပ်ပျော်နေရင်းဟောင်မယ်..ပြီးတော့သူပျော်ရင် ထူးဆန်းတဲ့အသံပေးမယ် လို့ လည်း မစ္စတာဟတ်ပီးရဲ့ပိုင်ရှင်က ပြောပါတယ်။

အမျိုးအစားစုံ အရွယ်စုံခွေးတွေဟာ ကျွန်တော်တို့ရဲ့နှလုံးသားကိုနွေးထွေးစေတယ်။ကျွန်တော်တို့ရဲ့ ဘဝတွေကို အကြွင်းမဲ့ ချစ်ခြင်းမေတ္တာတွေနှင့် ဖြည့်ဆည်းပေးတယ်။ ကမ္ဘာသိဖြစ်တဲ့ ဒီပွဲဟာ ခွေးတွေအားလုံးကို အထူးသီးသန့်ဖြစ်စေတဲ့ မပြည့်စုံမှုကို အောင်ပွဲခံကြတာဖြစ်ပါတယ် လို့ ပြိုင်ပွဲကျင်းပသူတွေက ပြောကြားလိုက်ကြပါတယ်။

Source: AFP