Published 25 June 2022

စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်ရှိ နိုက်ကလပ်တစ်ခုနဲ့ အနီးနားရှိလမ်းတွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း နော်ဝေရဲတပ်ဖွဲ့ကပြောကြားလိုက်ပါတယ်။

သံသယရှိသူဟာ တစ်ဦးတည်းပြစ်မှုကျူးလွန်ခဲ့တယ်လို့ယူဆရကြောင်း ရဲတွေကသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။

လန်ဒန်အရက်ဆိုင်နဲ့ အနီးနားရှိကလပ်တစ်ခုကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်ကြာပြီးနောက် အနီးနားရှိလမ်းပေါ်မှာ သံသယရှိသူကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'တိုးဘာစတက်'က Aftenposten သတင်းစာကိုပြောကြားခဲ့ပါတယ်။

လန်ဒန်အရက်ဆိုင်ဟာ အော်စလိုမြို့လယ်မှာရှိပြီး ဂေးတွေလာရောက်တတ်တဲ့ နာမည်ကျော်ဘားနဲ့နိုက်ကလပ်နေရာဖြစ်ပါတယ်။

NRK ရုပ်သံမှဂျာနယ်လစ်'အိုလက်ဗ်ရိုအန်ဘာ့ဂ်'က "လူတစ်ယောက်က အိတ်တစ်အိတ်လွယ်လာပြီး သေနတ်တစ်လက်ထုတ်ကာ စတင်ပစ်ခတ်တာကို မြင်တွေ့ခဲ့ရပါတယ်" လို့ တင်ပြထားပါတယ်။

တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

စနေနေ့နောက်ပိုင်းကျရင် အော်စလိုမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လိင်တူချစ်သူများပွဲတော်ကို ကျင်းပဖို့စီစဉ်ထားပါတယ်။

လူ ၂ ဦးသေဆုံးကာ ၁၄ ဦးကဒဏ်ရာပြင်းထန်စွာရပြီး ဆေးရုံတင်ထားရတယ်လို့ အော်စလိုရဲတပ်ဖွဲ့က တွစ်တာမှာဖော်ပြထားပါတယ်။

VG သတင်းစာ၊ NRK ရုပ်သံနဲ့ အခြားမီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာတော့ လန်ဒန်အရက်ဆိုင်အပြင်ဘက်မှာ ရဲတွေ၊ လူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ အရေးပေါ်တာဝန်ရှိသူများစုရုံးနေကြတာကို မြင်တွေ့ရပါတယ်။

အော်စလိုမြို့လယ်ပေါ်ကနေ ရဟတ်ယာဉ်များပျံဝဲနေပြီး လူနာတင်ယာဉ်များနဲ့ ရဲကားဥဩသံတွေ မြို့တလျှောက်ကြားနေရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အော်စလိုတက္ကသိုလ်ဆေးရုံက အနီရောင်အဆင့်ထုတ်ပြန်ကြေညာထားပါတယ်။

Source: Reuters