Published 22 August 2021
ကိုဗစ်-၁၉ ကင်းစင်တဲ့ နိုင်ငံအဖြစ်ရှိနေခဲ့တဲ့ ပစိဖိတ်ကျွန်းနိုင်ငံကလေး ပလောမှာ စနေနေ့က ပထမဆုံး ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိခဲ့ရပြီး ကိုဗစ်ကင်းစင်နိုင်ငံ အခြေအနေကို ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကင်းစင်တဲ့ နိင်ငံက အနည်းငယ်သာရှိပါတယ်။
 
ဂူအန်က ရောက်လာတဲ့ ခရီသွားနှစ်ဦးကို စစ်ဆေးကြည့်ရာမှာ ကိုဗစ်-၁၉ ပေါ့စတစ်ထွက်တဲ့အတွက် သူတို့ကို သူတို့နှင့် ထိတွေ့ခဲ့တဲ့သူတွေနှင့်အတူ ကွာရန်တင်းထားလိုက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
 
“ လူတိုင်းကို စိတ်တည်တည်ငြိမ်ငြိမ်ထားကြဖို့ နှိုးဆော်ထားပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာနက လော့ခ်ဒေါင်းလုပ်ဖို့ ဆုံးဖြတ်အပြီးမှာ သတင်းထုတ်ပြန်ပါတယ်။
ပလောမှာ လူဦးရေ တစ်သောင်းရှစ်ထောင်ရှိပြီး လူဦးရေရဲ့ ၈၀ရာခိုင်နှုန်းကျော် ကာကွယ်ဆေးအပြည့် ထိုးနှံပြီးဖြစ်ပါတယ်။ နိုင်ငံဟာ ကိုဗစ်ကင်းစင်တာမဟုတ်တော့ပေမယ့် ယခု ကိုဗစ်ဘေးကင်းတဲ့နိုင်ငံပါ လို့ သမ္မတ ဆူရန်ဂဲလ်ဝစ်ပ်က ပြောဆိုနေတုန်းပဲဖြစ်ပါတယ်။
 
ပလောနိုင်ငံကလေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အဆိုအရ ကမ္ဘာပေါ်က ကိုဗစ်ကင်းစင်တဲ့ နိုင်ငံ ၁၄နိုင်ငံထဲမှာ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ထိတွေ့ခဲ့သူဘယ်နှစ်ဦးလဲဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက မပြောပေမယ့် ဒီကူးစက်မှုဟာ လူစုလိုက်ကူးစက်မှု မဟုတ်ဘူးလို့ သူတို့ယုံကြည်တယ်လို့ ပြောရေးဆိုခွင့်ရသူက အေအက်ဖ်ပီကို ပြောပါတယ်။
သမ္မတဝစ်ပ်က ကာကွယ်ဆေးအပြည့်ထိုးပြီးသူတစ်ဦးဦီး ကူးစက်ခံရရင်လည်း သူတို့ဟာ တုပ်ကွေးမိသလိုပဲ ဒါမှမဟုတ် ဘာရောဂါလက္ခဏာမှမပြပဲနေလိမ့်မယ်လို့ ဖြည့်စွက်ပြောပါတယ်။
 
အဲဒီခရီးသည်တွေကို ခရီးမထွက်ခွာခင် ၇၂နာရီမှာ စမ်းသပ်ပေးခဲ့တုန်းက နဂ္ဂတစ်ထွက်ပေမယ့် ခရီးကပြန်ရောက်ပြီး ငါးရက်အကြာမှာ မဖြစ်မနေရ ပြန်စစ်တဲ့အခါ ပေါ့စတစ်ဖြစ်နေတာ တွေ့ရတာဖြစ်ပါတယ်။
 
ခရီးကပြန်လာသူတွေဟာ ပြန်လာပြီးငါးရက်အတွင်း mask တပ်ရပြီး လူစုလူဝေးကိုရှောင်ရှားကြဖို့ ပလောနိုင်ငံက စည်းမျဉ်း သတ်မှတ်ထားပါတယ်။
အခုကူးစက်ခံရတာဟာ ဘာမျိုးဗီဇကွဲလဲဆိုတာ မစစ်ဆေးနိုင်သေးလို့ အမေရိကန်ပြည်ထောင်စုကို သွေးနမူနာပေးပို့ ထားတယ်လို့သိရပါတယ်။
ပလောနိုင်ငံကလေးဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဖက် မိုင်၆၀၀ အကွာမှာတည်ရှိပါတယ်။ ကပ်ရောဂါစကတည်းက သူက နယ်စပ်ကိုပိတ်ခဲ့ပါတယ်။ အဲဒီလိုပိတ်လိုက်တဲ့အတွက် ခရီးသွားလုပ်ငန်းကို မှီခိုရတဲ့ သူ့နိုင်ငံအတွက် အရင်းအနှီးတော်တော်ကြီးတာဖြစ်ပါတယ်။
 
Source AFP