Published 29 May 2022

အမျိုးသားတစ်ဦးဟာ သူ့ဇနီးသည်နှင့် ချစ်တင်းနှီးနှောပြီး ဆယ်မိနစ်အကြာမှာ ရုတ်တရက်ကြီး အတိတ်မေ့ ဝေဒနာ ရရှိ  သွားခဲ့ပါတယ်။ သူရဲ့မှတ်ဉာဏ်တွေဟာ ယမန်နေ့က ဘာလုပ်ခဲ့တယ်ဆိုတာကို ယာယီအားဖြင့် လုံးဝ  မမှတ်မိတော့ပဲ  ဖြစ်သွား ပြီး အချက်အလက်အသစ်တွေကိုလည်း မှတ်ဉာဏ်က လက်မခံနိုင်ဘဲ ဖြစ်သွားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အသက် ၆၆ နှစ်အရွယ် အမျိုးသားဟာ နေ့လယ်ခင်းတစ်ခုမှာ ဇနီးနှင့်ချစ်တင်းနှီးနှောပြီးနောက် သူ့ဖုန်းကိုကြည့်ပြီး ရက်စွဲကို မြင်သွားတဲ့အခါ သူအတော် စိတ်ပူပန်သွားရပါတယ်။ သူ့မင်္ဂလာနှစ်ပတ်လည် မလုပ်ခဲ့ရပါလားဆိုပြီး စိတ်ပူသွားတာပါ။ တကယ်တမ်းတော့ အဲဒီမင်္ဂလာနှစ်ပတ်လည်ပွဲကို ယမန်နေ့ကပဲ သူဟာ သူ့ဇနီးသည်၊မိသားစုနှင့်အတူ ဆင်နွှဲခဲ့ပြီး ဖြစ်ပါတယ်  လို့ အိုင်ယာလန်နိုင်ငံ လင်မာရစ်ခ်က ဆရာဝန်တွေကပြောတဲ့အကြောင်း အိုင်ယာလန်ဆရာဝန်အသင်းက ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဲဒီမှတ်ဉာဏ်ချို့ယွင်းမှုဟာ တစ်နာရီလောက်ကြာသွားခဲ့ပါတယ်။ အဲဒီသူဟာ သူ့ဇနီးနှင့် သမီးကို အဲဒီနေ့မနက်နှင့် မနေ့က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ထပ်ခါတလဲလဲမေးနေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဆရာဝန်တွေရဲ့အစီရင်ခံစာမှာ အဲဒီလူ ဘယ်သူဆိုတာ ဖော်ပြမထားပါဘူး။ သူဟာ အရေးပေါ်အခန်းထဲ ရောက် သွားခဲ့ရပါတယ်။ အဲဒီနောက် သူဟာ ပုံမှန်အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးအမှုအပြည့်အစုံကို ခံယူခဲ့ရပါတယ်၊

ဆရာဝန်တွေက transient global amnesia (TGA)ရောဂါလို့သတ်မှတ်လိုက်ပါတယ်။ TGA ဆိုတာ  မှတ်ဉာဏ်ယာယီချို့ယွင်း သွားပြီး မှတ်ဉာဏ်အသစ်တွေကို လည်း လက်ခံလို့မရနိုင်တဲ့  ရောဂါဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းမှုဟာ ပုံမှန်အားဖြင့် ဘာမှကုသစရာမလိုဘဲ ၄နာရီကနေ ၆ နာရီအတွင်း ကြာတတ်ပါတယ်။ဒါပေမယ့် ၂၄နာရီအထိလည်း ကြာသွားတတ်တာတွေ ရှိပါတယ်။

မေးခွန်းတွေတရစပ်မေးပြီး အဖြေကို မရနိုင်တာတွေဟာ TGA ရဲ့ အဓိက ရောဂါလက္ခဏာတွေဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

TGAဖြစ်တာကို လေဖြတ်တာ၊မှတ်ဉာဏ်ချိုံ့ယွင်းတာနှင့် ဝက်ရူးပြန်ရောဂါတွေလို့ ထင်နိုင်ပြီး အချို့သော လေယာဉ်မှူးတွေလို အလုပ်တွေအတွက် ရောဂါရှုပ်ထွေးမှုတွေရှိတတ်ပါတယ်။

ရောဂါဖြစ်သူတွေအများစုဟာ အသက်၅၀နှင့် ၇၀အကြား အမျိုးသားတွေဖြစ်ပါတယ်။ဘာကြောင့် TGA ဖြစ်ရတယ်ဆိုတာ အတိအကျမသိကြပါဘူး။ဒါပေမယ့်  ခန္ဓာကိုယ်ပင်ပန်းတာ၊ အေးတဲ့ပူတဲ့ရာသီဥတုအောက်မှာ အကြာကြီးနေတာ၊ စိတ်လှုပ်ရှားဖိစီးမှုတွေ၊ အနာတရဖြစ်မှုနှင့် လိင်ဆက်ဆံမှုတွေ အစရှိတဲ့ လှုပ်ရှားဆောင်ရွက်မှု အတော်များများနှင့် ဆက်စပ်နေတာတွေ့ရှိခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့သူဟာ ယခင်(၇)နှစ်တုန်းကလည်း အလားတူဖြစ်ခဲ့ပါတယ်။ TGAဟာ လူတစ်ယောက်ကို တစ်ကြိမ်ထက်ပိုပြီး ဖြစ်စေနိုင်ပါတယ်။ ဘယ်နှကြိမ်ဖြစ်နိုင်တယ်လို့တော့ အတိအကျရယ်လို့ မရှိဘူးလို့သိရပါတယ်။

Source Insider