#WorldPolitics
Published 28 May 2022

 

မလေးရှားဝန်ကြီးချုပ်ဟောင်း'မဟာသီယာမိုဟာမက်'က အမေရိကန်ဦးဆောင်တဲ့ စီးပွားရေးအဖွဲ့အသစ်ကို သောကြာနေ့ကဝေဖန်လိုက်ကာ ထိုအဖွဲ့ဖွဲ့စည်းခြင်းရည်ရွယ်ချက်က တရုတ်ကိုဖယ်ရှား ဖို့ရည်ရွယ်တာဖြစ်ပြီး တရုတ်မပါဘဲနဲ့ ဒေသတွင်းစီးပွားရေးတိုးတက်မှု အကျိုးရှိမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ယခုသီတင်းပတ်အစောပိုင်း ဂျပန်သို့လည်ပတ်စဉ် နိုင်ငံ ၁၃ နိုင်ငံပါဝင်တဲ့ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်ကို စတင်ချမှတ်ခဲ့ပါတယ်။

 

ဒီနည်းလမ်းဖြင့် အမေရိကန်က ကုန်ပစ္စည်းလည်ပတ်ရေးလုပ်ငန်းများ၊ ဒီဂျစ်တယ်ကုန်သွယ်ရေး၊ စွမ်းအင်ထောက်ပံ့ရေးနဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကဏ္ဍတို့မှာ အာရှနိုင်ငံများနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း 'ဘိုင်ဒန်'ကဆိုပါတယ်။

 

"အမေရိကန်က တရုတ်ကိုရှောင်ကြဉ်ဖို့ ဒီလိုအဖွဲ့ဖွဲ့တာတွေအမြဲတမ်းလုပ်နေမှာပါ၊ ဒါက စီးပွားရေးအဖွဲ့ဖွဲ့တာမဟုတ်ဘဲ နိုင်ငံရေးအဖွဲ့ခွဲတယ်ဆိုတာကို နိုင်ငံအများစုကလည်း သိရှိကြမှာပါ" လို့ 'မဟာသီယာ'က တိုကျိုမြို့နိုင်ငံတကာညီလာခံမှာ ပြောကြားသွားပါတယ်။

 

အဖွဲ့မှာပါဝင်ဖို့လက်မှတ်ရေးထိုးကြတဲ့နိုင်ငံတွေထဲမှာ ဩစတြေးလျ၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်နဲ့ ဗီယက်နမ်တို့ပါဝင်ပြီး ထိုနိုင်ငံအားလုံးပေါင်းလိုက်ရင် တစ်ကမ္ဘာလုံးစုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းအထိရှိနေပါတယ်။

 

"ဒီလိုအဖွဲ့ဖွဲ့တာက သူတို့ကိုယ်တိုင်အတွက်လည်း မကောင်းပါဘူး၊ တရုတ်က မလေးရှားအတွက် အရေးကြီးတဲ့ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်၊ တရုတ်နဲ့တင်းမာမှုတွေ ပဋိပက္ခတွေဖြစ်မှာ မလိုလားပါဘူး၊ တရုတ်နိုင်ငံကပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ဆက်လက်တည်ရှိနေမယ်ဆိုတာကို အမေရိကန်အနေနဲ့ သဘောပေါက်ဖို့လိုပါတယ်၊ ကျွန်တော်တို့က တရုတ်နဲ့ ရှေ့ဆက်နေထိုင်သွားရမှာပါ၊ တရုတ်ကအခုဆိုရင် ကမ္ဘာပေါ်ကနိုင်ငံအများစုထက် ချမ်းသာတဲ့နိုင်ငံဖြစ်နေပါပြီ" လို့ 'မဟာသီယာ'က Nikkei Inc က စီစဉ်ပြုလုပ်တဲ့ 'အာရှအနာဂတ်'လိုခေါ်တဲ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

 

သောကြာနေ့နှောင်းပိုင်းမှာ လက်ရှိမလေးရှားဝန်ကြီးချုပ်'အစ္စမေးလ်ဆာဘရီယာကော့'ကလည်း တိုကျိုသို့ရောက်ရှိနေပြီး ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'နဲ့ တွေ့ဆုံခဲ့ပါတယ်။

 

သူတို့က စီးပွားရေးမူဘောင်စတင်ခြင်းကို ကြိုဆိုလိုက်ပြီး ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၊ ဆိုက်ဘာလုံခြုံရေး၊ နည်းပညာပေါ်ထွန်းခြင်း၊ ကုန်ပစ္စည်းလည်ပတ်ရေးခိုင်မာခြင်း စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ကို အတည်ပြုခဲ့ကြတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။

 

ဒေသအတွင်း စစ်ရေးနဲ့စီးပွားရေးအင်အားကြီးထွားလာတဲ့ တရုတ်ကိုတန်ပြန်ပြီး လွတ်လပ်ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသဖြစ်လာဖို့ ဂျပန်နဲ့အမေရိကန်တို့ရဲ့ကြိုးပမ်းမှုကို ထောက်ပံ့ကူညီပေးရန် 'ကီရှီဒါ'က မလေးရှားကို တောင်းဆိုခဲ့ပါတယ်။

 

အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ 'မဟာသီယာ'ဟာ မလေးရှားနိုင်ငံရဲ့ စတုတ္ထမြောက်နဲ့ သတ္တမမြောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖွံ့ဖြိုးမှုအားနည်းတဲ့ နိုင်ငံများအတွက် နှစ်ပေါင်းများစွာထုတ်ဖော်ပြောဆိုသူဖြစ်ခဲ့ပြီး အနောက်နိုင်ငံကို အစဉ်တစိုက်ဝေဖန်ခဲ့သူဖြစ်ပါတယ်။

 

မလေးရှားနိုင်ငံမှာ ဩဇာသက်ရောက်တဲ့နိုင်ငံရေးပုဂ္ဂိုလ်အဖြစ်ရှိနေဆဲဖြစ်ပြီး ၁၉၅၇ ခုနှစ်နောက်ပိုင်း ပထမဆုံးငြိမ်းချမ်းစွာအာဏာလွှဲပြောင်းမှုအတွင်း အကျင့်ပျက်ခြစားမှု အရိုးစွဲနေတဲ့အစိုးရအဖွဲ့ကိုဖြုတ်ချပြီး ၂၀၁၈ ခုနှစ်သမိုင်းဝင်ရွေးကောက်ပွဲမှာ အတိုက်အခံညွန့်ပေါင်းအဖွဲ့အနိုင်ရအောင် ဦးဆောင်ခဲ့ပါတယ်။

 

'မဟာသီယာ'က အသက် ၉၂ နှစ်အရွယ်တုန်းက ကမ္ဘာမှာအသက်အကြီးဆုံးခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့အစိုးရအဖွဲ့ဟာ အတွင်းရေးပဋိပက္ခတွေကြောင့်ပြိုလဲခဲ့ပြီး ၂၂ လသာအုပ်ချုပ်ခဲ့ရပါတယ်။

 

ခေါင်းဆောင်အသစ်ကိုဆန့်ကျင်ဖြုတ်ချဖို့အတွက် 'မဟာသီယာ'က ၂၀၂၀ မှာ မလေးရှားတိုင်းရင်းသားပါတီအသစ်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။

 

Source: South China Morning
#Yangon_Media_Group