#WorldHealth
Published 28 May 2022

 

လေထုညစ်ညမ်းထူထပ်တဲ့နေရာတွေမှာ နေထိုင်ရခြင်းက ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်ပေါ်နိုင်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိပြီး တစ်ကမ္ဘာလုံးမှာ လေထုသန့်ရှင်းမှုအရေးကြီးပုံကို ထောက်ပြခဲ့ကြပါတယ်။

 

ကိုလိုရာဒိုတက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ်၊ ဘရာဇီးလ်၊ တောင်ကိုရီးယားတို့မှ ကိုယ်စားလှယ်များပါဝင်တဲ့ နိုင်ငံတကာသုတေသီအဖွဲ့က အမေရိကန်သက်ကြီးရွယ်အိုတွေဟာ ညစ်ညမ်းလေထုရှူရှိက်ရလို အသက်အန္တရာယ်အများဆုံးခံရနိုင်တဲ့လူတွေဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

လေထုညစ်ညမ်းခြင်းက လူတွေကိုတိုက်ရိုက်သေဆုံးအောင်မလုပ်နိုင်ပေမယ့် အထွေထွေကျန်းမာရေးအခြေအနေကျဆင်းကာ အဆုတ်၊ ဦးနှောက်၊ နှလုံး စတဲ့နေရာအမျိုးမျိုးမှာ ပြဿနာဖြစ်လာနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

 

၂၀၁၀ မှ ၂၀၁၅ အတွင်း အမျိုးသားကျန်းမာရေးစင်တာမှ အချက်အလက်များကိုရယူပြီး အမေရိကရှိ စာရင်းပေးသွင်းထားတဲ့လူဦးရေ တည်ရှိနေရာအားလုံးနီးပါးက လေထုအမှုန်ပါဝင်မှုနှုန်းအချက်အလက်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

 

အမေရိကန်တလျှောက် လေထုထဲအမှုန်အမွှားပါဝင်မှုနှုန်း PM 2.5 ရှိခဲ့ရာ ဒါဟာအန္တရာယ်များ လှတဲ့ပမာဏ ဖြစ်နေပါတယ်။

 

အမေရိကန်မှာ လေထုအမှုန်အမွှားအများဆုံး ပါဝင်တဲ့နေရာတွေက လော့စ်အိန်ဂျလိစ်၊ ဖီလာဒယ်လ်ဖီယာ၊ အိုဟိုင်ယိုနဲ့ တောင်ဘက်စွန်းစွန်းက နေရာတွေဖြစ်ပါတယ်။

 

လေထုထဲအမှုန်အမွှားပါဝင်မှုနှုန်းကို အနည်းဆုံးအဖြစ်အဆင့်တစ်ကနေ အများဆုံးအဆင့် ၁၀ အထိသတ်မှတ်ထားပြီး နိုင်ငံအရှေ့ဘက်နဲ့ယှဉ်ရင် လူဦးရေကျဲပါးတဲ့ အနောက်ဘက်နေရာတွေကတော့ လေထုအမှုန်အမွှားပါဝင်မှုနှုန်းအဆင့် ၁၀ ဖြစ်ပါတယ်။

 

အသက်အရွယ်ကြီးတဲ့ အမေရိကန်လူမျိုးတွေက နေရာဒေသတိုင်းမှာ သေဆုံးနိုင်ချေအများဆုံးသူတွေဖြစ်နေပါတယ်။

 

အဆင့် ၉ နဲ့ ၁၀ ရှိ နေရာတွေမှာ နေထိုင်တဲ့ အသက် ၇၅ နှစ်မှ ၈၄ နှစ်ကြားလူကြီးတွေဟာ အသက်သေဆုံးနိုင်ချေ ၁.၃၈ ရာခိုင်နှုန်းရှိပြီး အဆင့် ၁ နေရာမှာနေထိုင်တဲ့ သက်ကြီးရွယ်အိုတွေကတော့ သေဆုံးနိုင်ချေ ၁.၁၉ ရာခိုင်နှုန်းရှိပါတယ်။

 

အဆင့် ၉ နဲ့ ၁၀ နေရာတွေမှာနေထိုင်တဲ့ လူမည်းအမေရိကန်တွေက အသက်ရှင်သန်နိုင်ချေအများဆုံးဖြစ်ပြီး လေထုထဲအမှုန်ပါဝင်မှုအနည်းဆုံးနေရာတွေက ဆင်းရဲနွမ်းပါးသူအများစုနေထိုင်ကြတာဖြစ်ပါတယ်။

 

"လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့လုပ်ဆောင်ရမှာဖြစ်သလို လူသားတွေနေထိုင်တဲ့ လူမှုရေးရာ၊ လုပ်ငန်းရေးရာ၊ နိုင်ငံပထဝီရေးရာ၊ စီးပွားရေးရာတို့ကို ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်" လို့ သုတေသီများက ဖော်ပြခဲ့ကြပါတယ်။

 

အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးရှိလူတွေ လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရတာဟာ စိုးရိမ်ရတဲ့ အခြေအနေကို မြင့်တက်လာပြီး အသက်သေဆုံးမှုနှုန်းပိုများလာဖွယ် ရှိနေပါတယ်။

လေထုထဲက အမှုန်အမွှားတွေက အဆုတ်ထဲသို့ဝင်ရောက်ပြီး သွေးလည်ပတ်မှုစနစ်ထဲ ရောက်ရှိကာ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြော၊ အသက်ရှူလမ်းကြောင်းပြဿနာများဖြစ်ပွားတတ်ပါတယ်။
အခြားအင်္ဂါများနဲ့ ရောဂါများဖြစ်ပွားနိုင်တဲ့အထောက်အထားတွေလည်း ရှိနေပါပြီ။

 

Source: DailyMail

#Yangon_Media_Group