#WorldHealth
Published 28 May 2022

 

ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး အလေးထားမှုလျော့နည်းလာတာကြောင့် လာမယ့်လများအတွင်း ကိုဗစ်ကူးစက်မှုလှိုင်းများ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး အသက်ဆုံးရှုံးမှုများကြုံတွေ့ရနိုင်ကြောင်း ဖိုင်ဇာကုမ္ပဏီအမှုဆောင်အရာရှိချုပ်'အယ်လ်ဘတ်ဘိုလာ'က သတိပေးလိုက်ပါတယ်။

 

နိုင်ငံရေးသမားတွေက ကပ်ရောဂါကိုအနိုင်ပိုင်းချင်နေကြသလို လူတွေကလည်း ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်းများကို စိတ်ကုန်လာကြပြီလို့ 'အယ်လ်ဘတ်ဘိုလာ'ကဆိုပါတယ်။

 

ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံဖို့ အာဏာပိုင်တွေရဲ့တိုက်တွန်းမှုကလည်း ကာကွယ်ဆေးထိုးပြီးသား လူတွေကြားမှာတောင် ထိရောက်မှုနည်းပါးလာပါတယ်။

 

ဒါ့အပြင် အရင်ကိုဗစ်ကူးစက်ခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတို့မှရရှိထားတဲ့ ရောဂါခုခံအားကလည်း အာနိသင်လျော့နည်းလာတာကြောင့် ကိုဗစ်မျိုးဗီဇကွဲကူးစက်မှုလှိုင်းများ ဖြစ်လာနိုင်ပြီး အသက်သေဆုံးမှုများ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

 

"မိတ်ဆွေတွေနဲ့ ကပ်ရောဂါအကြောင်းပြောကြည့်တဲ့အခါ ကိုဗစ်စည်းကမ်းများကို အလေးထားမှုနည်းလာပြီး နှာခေါင်းစည်းတပ်ဆင်ထာထက် အသက်ကြီးသူတွေဆုံးပါးတာကို လက်ခံနိုင်တဲ့အနေအထား ဖြစ်လာရပါတယ်"လို့ ဆိုလိုက်ပြီး နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်း အဝေးပွဲမှာ တက်ရောက်သူအနည်းငယ်ကသာ နှာခေါင်းစည်းတပ်ဆင်တာကို ရည်ညွှန်းချင်တာဖြစ်ပါတယ်။

 

တစ်ကမ္ဘာလုံး ကိုဗစ်ကာကွယ်ဆေးဝယ်လိုအားလျော့နည်းလာပြီး ဖိုင်ဇာဘိုင်အိုတက်ခ်တို့လို့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေက ယခုနှစ်အစကတည်းက ကာကွယ်ဆေးထုတ်လုပ်မှု တဝက်လျှော့ချလာကြပါတယ်။

 

ကျန်းမာရေးအချက်အလက်များအရ ချမ်းသာတဲ့နိုင်ငံကလူများက အားမြှင့်ကာကွယ်ဆေးထပ်မံထိုးနှံဖို့ တွန့်ဆုတ်နေကြသလို ဆင်းရဲတဲ့နိုင်ငံများကလည်း ကာကွယ်ဆေးထိုးဖို့နှောင့်နှေးနေကြပါတယ်။

 

ဖိုင်ဇာက သူတို့ရဲ့ကိုဗစ်ကာကွယ်ဆေးနဲ့ သောက်ဆေးများကို ဆင်းရဲတဲ့နိုင်ငံ ၄၅ နိုင်ငံမှာ အကျိုးအမြတ်မယူဘဲ ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ဖွင့်ဟပြောကြားလိုက်ပါတယ်။

 

အဆိုပါနိုင်ငံတွေထဲက ဂါနာ၊ မာလာဝီ၊ ရဝမ်ဒါ၊ ဆီနီဂေါ၊ ယူဂန်ဒါနိုင်ငံတို့ဟာ ထောက်ပံ့ရေးလက်ခံဖို့ပထမဆုံး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။

 

ဘီလ်နှင့်မယ်လင်ဒါဂိတ်စ်ဖောင်ဒေးရှင်းမှ တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ ထောက်ပံ့ရေးအစီအစဉ်ကို အခြားဆေးဝါးကုမ္ပဏီများပါဝင်ဖို့ ဖိုင်ဇာကဖိတ်ကြားထားပြီး အစိုးရတွေ၊ ကမ္ဘာ့ကျန်းမာရေးအာဏာပိုင်တွေကို စုပေါင်းရန်ပုံငွေထောက်ပံ့ဖို့ တောင်းဆိုထားပါတယ်။

 

ဖိုင်ဇာရဲ့အစီအစဉ်ကိုလက်ခံကြိုဆိုပေမယ့် အကျိုးအမြတ်ကြည့်တဲ့ကုမ္ပဏီတွေကို ထောက်ပံ့ရေးပေါ်လစီမူဝါဒများ မလွဲအပ်သင့်ကြောင်း၊ အဲဒီအစားအစိုးရတွေက ကျန်းမာရေးတန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်သင့်ကြောင်း ဝါရှင်တန်ဆေးပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ'နန်စီဂျက်ကာ'က ပြောပြခဲ့ပါတယ်။

 

အမေရိကန်မှာ အစိုးရအဖွဲ့က ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသရေးစရိတ်ဒေါ်လာ ၂၂.၅ ဘီလီယံတောင်းဆိုထားတာကို လွှတ်တော်ကအတည်မပြုပေးနိုင်တာကြောင့် နိုင်ငံတွင်းထောက်ပံ့ရေးပြတ်လတ်သွားနိုင်ကြောင်း 'ဘိုလာ'က စိုးရိမ်ပူပန်နေပါတယ်။

 

အမေရိကန်မှာ ကိုဗစ်ကူးစက်မှုအသစ်ပျံ့နှံနေတာကြောင့် နေ့စဉ်ကူးစက်မှု ၁ သိန်းကျော်ရှိလာကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဖော်ပြထားပါတယ်။

 

ဖိုင်ဇာရဲ့ကိုဗစ်ကုသရေးပက်ဇ်လိုဗစ်က ကပ်ရောဂါကိုထိန်းချုပ်ရာမှာ အရေးပါနိုင်တာကြောင့် ထုတ်လုပ်မှု နှစ်ဆတိုးမြှင့်လာပါတယ်။

 

မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားမှုကိုလည်း ဖိုင်ဇာကသေချာစောင့်ကြည့်လျက်ရှိပြီး ကိုဗစ်ကပ်ရောဂါလောက် စိုးရိမ်စရာမရှိဘူးလို့ 'ဘိုလာ'ကပြောပြသွားပါတယ်။

 

Source: Business Times.
#Yangon_Media_Group