#WorldHealth
Published 27 May 2022

 

အဝလွန်တဲ့အမျိုးသားများ ကိုယ်အလေးချိန်လျော့ကျလာတဲ့အခါ သုတ်ပိုးကောင်ရေနှစ်ဆမျှများပြားလာကြောင်း သုတေသီများတွေ့ရှိခဲ့ပါတယ်။

 

ဒိန်းမတ်သိပ္ပံပညာရှင်တွေက အမျိုးသား ၅၆ ယောက်ကို လေ့လာခဲ့ရာမှာ အခုလိုအံ့ဩဖွယ်ရာရလာဒ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

စမ်းသပ်ခံသူအားလုံးကို အချိန် ၈ ပတ်ကြာ အစားအသောက်ထိန်းသိမ်းကျွေးမွေးခဲ့ပြီး တစ်နေ့ကို ၈၀၀ ကယ်လိုရီလောက်သာ စားသုံးစေခဲ့ပါတယ်။

 

စမ်းသပ်မှုမပြုလုပ်ခင် BMI အတိုင်းအတာအနည်းဆုံး ၃၂ ရှိတဲ့အမျိုးသားတွေဟာ ပျမ်းမျှ ၈ ပေါင်ခန့်အလေးချိန်လျော့ကျခဲ့ပြီး သူတို့ရဲ့သုတ်ပိုးကောင်ရေ ၄၁ ရာခိုင်နှုန်းပိုများလာခဲ့ပါတယ်။

တစ်နှစ်တာလောက်အထိ ကိုယ်အလေးချိန်လျော့ကျအောင် ထိန်းသိမ်းတဲ့လူတွေမှာ သုတ်ကောင်ရေနှစ်ဆနီးပါး များပြားလာပြီး ရေကူးသမားတွေဆီက ပမာဏလောက်အထိ ရှိနေတာဖြစ်ပါတယ်။

 

ဒါပေမဲ့ ဝမ်းဗိုက်အဆီပြန်ထွက်လာသူတွေကတော့ သုတ်ရည်အရည်အသွေးတိုးတက်မှု မရှိတော့ပါဘူး။

 

သုတ်ကောင်ရေထွက်ရှိမှုက အသက်အရွယ်ကြီးတာနဲ့အမျှကျဆင်းလာပြီး အသက် ၁၇ နှစ်ကစလို့ အသက် ၄၀ အတွင်း အမြင့်ဆုံးရှိတတ်ပါတယ်။

 

ပုံမှန်သုတ်ပိုးအရေအတွက်က သုတ်ရည် ၁ မီလီလီတာမှာ သုတ်ကောင်ရေ ၁၅ သန်းနဲ့အထက်ပါဝင်တာကို ဆိုလိုပါတယ်။

 

၁၉၇၀ နောက်ပိုင်း အမျိုးသားတွေမှာ သုတ်ပိုးအရေအတွက် ကျဆင်းလာကြကြောင်း ဥရောပ၊ မြောက်အမေရိက၊ ဩစတြေးလျတို့မှာ လေ့လာခဲ့ကြပါတယ်။

 

ခါးဗိုက်တုတ်ခြင်း၊ အစားအသောက်အဟာရဓာတ်မညီမျှခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းလာခြင်းတို့က အဓိကစိုးရိမ်စရာ ဖြစ်လာပါတယ်။

 

အခုစမ်းသပ်မှုမှ စမ်းသပ်ခံသူတွေကို ကယ်လိုရီနည်းတဲ့အစားအသောက်တွေထုတ်လုပ်တဲ့ ကိမ်းဘရစ်ချ်မှ ကိုယ်အလေးချိန်လျှော့ချတဲ့အစီအစဉ်အတိုင်း စားသုံးစေခဲ့ပါတယ်။

 

ဦးဆောင်လေ့လာတဲ့ ပရော်ဖက်ဆာ'ဆစ်ဂ်နီတိုရီကော့ဗ်'က ဝိတ်ကျလာတဲ့အခါ သုတ်ပိုးအရည်အသွေး တိုးတက်လာတာက အံ့ဩစရာကောင်းတဲ့ တိုးတက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၀၁၉ ခုနှစ်က NHS ရဲ့အချက်အလက်တွေအရ အင်္ဂလန်မှာ ကိုယ်အလေးချိန်များသူ ၄၁ ရာခိုင်နှုန်းရှိပြီး အဝလွန်သူ ၂၇ ရာခိုင်နှုန်းရှိခဲ့ကာ အမေရိကန်နဲ့တူညီနေပါတယ်။

ယူကေမှာ ကိုယ်ဝန်မရတဲ့စုံတွဲတွေ ၃ ပုံ ၁ ပုံလောက်မှာ သုတ်ပိုးအကောင်ရေနည်းခြင်းက အဓိကပြဿနာ ဖြစ်နေပါတယ်။

အဝလွန်သူတွေမှာ ကျားဟော်မုန်းဖြစ်တဲ့ တက်စ်တိုစတီရုန်းပမာဏနည်းပါးခြင်းကြောင့် သုတ်ပိုးထုတ်လုပ်နိုင်စွမ်းလျော့နည်းသွားတာ ဖြစ်ပါတယ်။

 

အစောပိုင်းက အူတာတက္ကသိုလ်မှသိပ္ပံပညာရှင်များ လေ့လာရာမှာ အသက် ၆၀ ဝန်းကျင်ရှိ ကိုယ်အလေးချိန်များတဲ့ အမျိုးသားတွေဟာ ထိုအသက်အရွယ်တွေထဲက ကိုယ်အလေးချိန်နည်းသူများထက် သုတ်ပိုးကောင်ရေပိုနည်းတာကို တွေ့ရှိခဲ့ကြပါတယ်။

 

Source: DailyMail
#Yangon_Media_Group