#WorldHealth
Published 26 May 2022

 

နော်ဝစ်ခ်ျမြို့ ဂျွန်အင်နက်စ်စင်တာမှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ခရမ်းချဉ်သီးတွေကို ဗိုက်တာမင်-ဒီကြွယ်ဝလာအောင် မျိုးရိုးဗီဇပြောင်းလဲထုတ်လုပ်လာကြပါတယ်။

 

ဗိုက်တာမင်-ဒီဟာ အရိုးများ၊ သွားများ၊ ကြွက်သားများသန်မာအောင်ပြုလုပ်ရာမှာ အရေးကြီးတဲ့ ကယ်လ်စီယမ်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။

 

ဗြိတိန်သိပ္ပံပညာရှင်တွေသာ ထုတ်လုပ်နိုင်မယ်ဆိုပါက အဆိုပါခရမ်းချဉ်သီး ၂ လုံးနေ့စဉ်စားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းနေစေမှာ ဖြစ်ပါတယ်။

 

နေရောင်နဲ့ထိတွေ့တဲ့အခါ ကျွန်ုပ်တိုခန္ဓာကိုယ်ကနေ ဗိုက်တာမင်-ဒီထွက်ရှိပေမယ့် အဓိကကရရှိတာကတော့ အစားအစာကဖြစ်ပြီး နို့ထွက်ပစ္စည်းနဲ့ အသားတွေကနေ အများဆုံးရရှိပါတယ်။

 

ဗိုက်တာမင်-ဒီ နည်းပါးလာပါက ကင်ဆာရောဂါကနေ နှလုံးသွေးကြောဆိုင်ရာ ရောဂါလို့ မလို လားအပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပြီး နှစ်စဉ်လူပေါင်း ၁ ဘီလီယံခန့်ဟာ ဗိုက်တာမင်-ဒီ ချို့တဲ့မှုဖြစ်ပွားနေကြပါတယ်။

 

ခရမ်းချဉ်သီးအရွက်တွေမှာ 7-DHC လို့ခေါ်တဲ့ ဗိုက်တာမင်-ဒီ၃ များ သဘာဝအတိုင်းများစွာပါဝင်ပါတယ်။

 

ဗိုက်တာမင်-ဒီ၃ က ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဒီပမာဏ များပြားစေကြောင်း သိရှိထားကြပါတယ်။

 

သိပ္ပံပညာရှင်တွေက အပင်ရဲ့မျိုးရိုးဗီဇကို ပြောင်းလဲပစ်လိုက်ကာ အရွက်မှာသာမက အသီးမှာပါ 7-DHC ပမာဏသိသိသာသာများလာအောင် ပြုလုပ်ခဲ့ကြပါတယ်။

 

ခရမ်းချဉ်သီးအရွက်နဲ့ လှီးထားတဲ့အသီးကို ခရမ်းလွန်ရောင်ခြည်နဲ့ တစ်နာရီလောက်ထိတွေ့စေတဲ့အခါ ခရမ်းချဉ်သီးတစ်လုံးမှာပါဝင်တဲ့ ဗိုက်တာမင်-ဒီပမာဏက ကြက်ဥ ၂ လုံးစာ ဒါမှမဟုတ် တူနာငါးတစ်အောင်စလောက်ရဲ့ပမာဏနဲ့ တူညီနေကြောင်း သုတေသီတွေက Nature Plants ဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

ခရမ်းလွန်ရောင်ခြည်အစား နေရောင်နဲ့ထိတွေ့အသုံးပြုလို့ရမလားဆိုတာကိုတော့ လေ့လာတွက်ချက်နေကြပါတယ်။

 

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ကို ဗြိတိန်မှာတရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ဈေးကွက်ကိုရောက်ဖို့တော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။

 

စားစရာတွေကနေ ဗိုက်တာမင်-ဒီရရှိမှုနည်းပါးလာတာကိုဖြေရှင်းဖို့ ဗီဇပြောင်းလဲထားတဲ့ခရမ်းချဉ်သီး ၂ လုံးစားရုံနဲ့လုံလောက်မှုရှိပြီး သာမန်ခရမ်းချဉ်သီးနဲ့ ခွဲခြားသိရှိဖို့တော့ ခက်ခဲကြောင်း ဦးဆောင်လေ့လာသူ’ဂျီလီ’က ပြောပြခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group