Published 26 May 2022

အမေရိကန်ပြည်ထောင်စုမှ ၁၉၉၉ခုနှစ်ကစပြီး ကျောင်းတွေမှာ သေနတ်နှင့်ပစ်ခတ်မှုတွေရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်ကို အသက်၁၈နှစ်အောက်အရွယ် လူငယ်တွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ မှတ်တမ်းများအရ သိရကြောင်း ဝါရှင်တန်ပို့စ်က သတင်းရေးသားပါတယ်။

အဲဒီကျူးလွန်သူတွေထဲမှာ အသက်အငယ်ဆုံးက အသက်၆နှစ်အရွယ် ပထမတန်းကလေးငယ်ဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တုန်းက သူ့ရဲ့ အတန်းဖော်တစ်ဦးကို .၃၂ကာလီဗာပစ္စတိုနှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတန်းဖော်မိန်းကလေးကို သူမကြိုက်လို့ သေနတ်နှင့်ပစ်ခဲ့တာလို့ အဲဒီကလေးငယ်ယောကျ်ားလေးက ပြောပါတယ်။

၁၉၉၉ခုနှစ်ကနေ ယခုအထိ အခင်းဖြစ်မှုတွေကို အခြေခံပြီး ကြည့်တဲ့အခါ  အသက်အလယ်အလတ်ကလေးငယ်တွေဟာ ၁၆နှစ်အရွယ် ကေ-၁၂ အတန်းတက်နေသူတွေဖြစ်ပါတယ်။ ၈၆မှုထဲမှာပါဝင်တဲ့ ပစ်ခတ်သူတွေရဲ့ အသက်ကိုတော့ မသိရပါ  ဘူးလို့ ပို့စ်က ရေးသားပါတယ်။

ကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေထဲမှာ ၈၅ရာခိုင်နှုန်းကျော်ဟာ အိမ်ကယူလာတာ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆွေမျိုးတွေဆီက ယူလာတာတွေဖြစ်တယ်လို့ ပို့စ်ကဆက်လက်ရေးသားပါတယ်။

ဒီအချက်အလက်တွေကိုကြည့်ခြင်းဖြင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ လူသတ်လက်နက်တွေ ကိုင်လို့ရနေတာဟာ လူကြီးတွေရဲ့ လျစ်လျူရှုမှုတွေကြောင့်ဖြစ်တယ်ဆိုတာကို ညွန်ပြနေပါတယ်။

အဲဒီကျောင်းတွင်းသေနတ်ပစ်မှုတွေထဲမှာ အဆိုးရွားဆုံးထဲက တစ်ခုဟာ အင်္ဂါနေ့တုန်းကဖြစ်ခဲ့တာပါ။ တက္ကဆပ်ပြည်နယ် ယူဗယ်လ်ဒီမြို့က ရော့ဘ်မူလတန်းကျောင်းမှာ ဖြစ်ခဲ့ပြီး ကလေးငယ်၁၉ဦးနှင့် လူကြီး(၂)ဦးသေဆုံးခဲ့ရပါတယ်။

သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ်ဒေသခံလူငယ်ဖြစ်ပြီး သူ့ကို နယ်စပ်ပတ္တရောင်အရာရှိက သေနတ်နှင့်ပစ်သတ်ခဲ့ပါတယ်။ သူဟာ AR-15 ရိုင်ဖယ်သေနတ်နှစ်လက်ကို သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့အပြီး နောက်တစ်ရက်မှာ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဟောက်စတန်ခရိုနီကယ်လ်သတင်းစာက ရေးပါတယ်။

၁၉၉၉ခုနှစ် ကိုလမ်ဘိုင်းအထက်တန်းကျောင်း သေနတ်ပစ်မှုကတည်းက ယခုအထိဆိုရင် ကျောင်းပေါင်း ၃၃၁ကျောင်းက ကလေးသူယ် ၃၁၁.၀၀၀ ခန့်ဟာ သေနတ်ဖြင့် အကြမ်းဖက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ကြရတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။

Source: Insider