#WorldCrime
Published 26 May 2022

 

သေနတ်သမားတစ်ယောက် စာသင်ကျောင်းထဲသို့ဝင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁၉ ယောက်နဲ့ ဆရာ ၂ ယောက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားက မူလတန်းကျောင်းထဲသို့ ဝင်မပစ်ခင်မိနစ်ပိုင်းအလိုမှာ ဝင်ပစ်တော့မယ်ဆိုတဲ့အကြောင်းကို အွန်လိုင်းပေါ်ကနေ သတိပေးခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး'ဂရက်အက်ဘော့'က ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ပါတယ်။

 

ဒီဖြစ်စဉ်မှာ သေနတ်သမားရမ်းကားနေတာကို ရဲတွေဘက်ကပြန်လည်ပစ်ခတ်ပြီးရပ်တန့်ခဲ့ရကာ သေနတ်သမားလည်းသေဆုံးသွားခဲ့ပါတယ်။

 

ဒီမတိုင်ခင်အင်္ဂါနေ့တုန်းကလည်း သေနတ်သမားက သူ့အဖွားဖြစ်သူကိုပစ်သတ်တော့မယ်လို့ သတိပေးခဲ့ကာ အဲဒီနောက်ခဏအကြာမှာပဲ ပစ်သတ်လိုက်ပြီလို့ အွန်လိုင်းကနေနောက်ထပ်တစ်ကြိမ်အသိပေးခဲ့ပါတယ်။

 

တရားခံက သူ့အဖွားမျက်နှာကိုပစ်ခဲ့ပြီးနောက် နေအိမ်ကနေထွက်ခွာသွားကာ မူလတန်းကျောင်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အသက်ရှင်ကျန်ခဲ့တဲ့အဖွားက ရဲတွေကိုတိုင်ကြားခဲ့ပါတယ်။

 

အသက် ၁၈ နှစ်အရွယ် 'ဆယ်လ်ဗေဒိုးရာမိုစ်'လိုအမည်ရတဲ့သေနတ်သမားကျူးလွန်ခဲ့တဲ့အမှုဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်စာသင်ကျောင်းတွေမှာ အဆိုးရွားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

 

အဖွားကိုပစ်ခတ်ခဲ့ပြီးနောက် သေနတ်သမားထွက်ပြေးလာကာ ဆန်အန်တိုနီယိုအနောက်ဘက်မိုင် ၈၀ ခန့်က တက္ကဆက်ပြည်နယ်ရှိ ရော့ဘ်မူလတန်းကျောင်းအနီးမှာ ကားဝင်တိုက်မိခဲ့ပါတယ်။

 

အနားတိုးလာတဲ့ရဲအရာရှိတစ်ဦးလက်မှလွတ်မြောက်ပြီး ကျောင်းထဲသို့ဝင်ရောက်ခဲ့ပါတယ်။

 

အဲဒီအချိန်အထိတော့ သေနတ်ပစ်ခတ်မှုတွေ မလုပ်သေးဘူးလို့ ရဲရဲ့ပြောကြားချက်အရ သိရပါတယ်။

 

ရဲအရာရှိကိုမြင်တဲ့အချိန်မှာ သေနတ်သမားက ကျည်အပြည့်ပါတဲ့အိတ်ပြုတ်ကျခဲ့ပြီး ကျောင်းထဲကိုဝင်ပြေးသွားတယ်ဆိုတဲ့အချက်ကလွဲပြီး အာဏာပိုင်တွေဘက်က အရေးကြီးတဲ့စစ်ဆေးတွေ့ရှိမှုမျိုး သိပ်ပြီးမဖော်ပြနိုင်သေးပါဘူး။

 

'ရာမိုစ်'က AR-15-style ရိုင်ဖယ်သယ်ဆောင်ထားကာ ကျောင်းအနောက်ဘက်တံခါးက ဝင်လာခဲ့ပါတယ်။

 

အဲဒီနောက် စတုတ္ထတန်းစာသင်ခန်းကိုသွားကာ ရှိသမျှလူအားလုံးကိုပစ်သတ်ခဲ့ပါတယ်။

 

အာဏာပိုင်တွေပြောကြားချက်အရ ပစ်ခတ်မှုမဖြစ်ခင်ရက်ပိုင်းမှာ 'ရာမိုစ်'က ရိုင်ဖယ်နှစ်လက်နဲ့ ကျည် ၃၇၅ တောင့်ကို တရားဝင်ဝယ်ယူခဲ့ကြောင်း သိရပါတယ်။

 

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကလေးတွေနဲ့ကျောင်းဝန်ထမ်းတွေကိုကူညီဖို့ ရဲတွေက ကျောင်းပတ်ပတ်လည်ကနေ ပြတင်းပေါက်တွေကို ဖျက်ပြီးဝင်လာခဲ့ပါတယ်။

 

အမေရိကန်နယ်ခြားစောင့်တပ်ကလည်း သေနတ်သမားကိုရင်ဆိုင်ဖို့ အဆောက်အဦထဲဝင်ရောက်ပစ်ခတ်ခဲ့ရာ အချင်းချင်းပစ်မိပြီး တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရာရှိများက ပြောပြပါတယ်။

 

နောက်ဆုံးတော့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် 'ရာမိုစ်'သေဆုံးသွားခဲ့ပါတယ်။

 

လူ ၁၇ ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရရှိခဲ့ကာ အပစ်ခံခဲ့ရတဲ့စာသင်ခန်းထဲမှ ကလေးတွေအပါအဝင်ဖြစ်ပါတယ်။

 

သေနတ်သမားက သတိပေးစာကို ဖေ့စ်ဘွတ်မှာတင်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးကဆိုခဲ့ပေမယ့် ဖေ့စ်ဘွတ်ကုမ္ပဏီ Meta ကတော့ ဒီစာတွေက ပစ်ခတ်မှုအပြီးမှာ တစ်ယောက်ချင်းသီးသန့် ပို့တဲ့စာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘယ်သူ့ဆီကိုပိုခဲ့တာလဲ၊ Messenger ကလား Instagram ကလားဆိုတဲ့အချက်အလက်တွေကိုတော့ Meta က မထုတ်ဖော်သွားပါဘူး။

 

သေဆုံးသွားတဲ့ကလေးတွေရဲ့မိသားစုဝင်တွေကတော့ သူတိုရဲ့ဆုံးရှုးမှုကို လူမှုကွန်ရက်တွေမှာ နာကျည်းစွာ ဖော်ပြခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group