#WorldPolitics
Published 24 May 2022

 

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က စစ်ပွဲအဆုံးသတ်ရေးကိစ္စများ ဆွေးနွေးဖို့အတွက် ရုရှားအစိုးရဘက်က သမ္မတ'ဗလာဒီမီယာပူတင်'နဲ့သာ တွေ့ဆုံဖို့ဆန္ဒရှိကြောင်း တနင်္လာနေ့ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

'ဇယ်လန်စကီ'ပြောကြားထားတဲ့ဗီဒီယိုကို ဒါးဗိုစ်မြိုမှာပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲတက်ရောက်လာသူများကို ပြသခဲ့ရာမှာ ရုရှားတိုသိမ်းပိုက်နေတဲ့နေရာတွေမှာ အရပ်သားများအပေါ်ကျူးလွန်ထားတဲ့အထောက်အထားတွေကြောင့် တွေ့ဆုံဆွေးနွေးဖိုစီစဉ်ရတာခက်ခဲနေကြောင်း ပြောကြားသွားပါတယ်။

 

ရုရှားတို့က ယူကရိန်းနိုင်ငံရဲ့စစ်ရေးဆောင်ရွက်ချက်တွေကိုချေမှုန်းဖို့ အထူးစစ်ဆင်ရေးခေါင်းစဉ်ဖြင့် ကျူးကျော်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆန်နေပါတယ်။

 

'ဇယ်လန်စကီ'ရဲ့ပြောကြားချက်ကို စကားပြန်မှတဆင့်ဖော်ပြရာမှာ "ရုရှားသမ္မတကပဲ ကျူးကျော်ဖို့ကိစ္စအားလုံးကို ဆုံးဖြတ်ခဲ့တာဆိုတော့ သူမပါဘဲနဲ့ စစ်ပွဲအဆုံးသတ်ရေးညှိနှိုင်းလို့မရပါဘူး" လို့ ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ပွဲအစပိုင်းတုန်းက မြို့တော်ကိဗ်အပြင်ဘက် ရုရှားတပ်များအခြေချခဲ့တဲ့နေရာတွေမှာ အရပ်သားအစုလိုက် အပြုံလိုက်အသတ်ခံထားရတဲ့ အထောက်အထားတွေတွေ့ထားတာကြောင့် တွေ့ဆုံဆွေးနွေးပွဲစီစဉ်ဖို့ ပိုမိုခက်ခဲနေပြီး ရုရှားဘက်မှအခြားအရာရှိတွေနဲ့တော့ တွေ့ဆုံသွားမှာမဟုတ်ပါဘူး။

 

"ရုရှားအစိုးရဘက်က သမ္မတကလွဲပြီး တခြားဘယ်သူနဲ့မှတွေ့ဆုံဖို့ လက်ခံမှာမဟုတ်ပါဘူး။ ဆွေးနွေးတဲ့အခါမှာလည်း စစ်ပွဲအဆုံးသတ်ရေး ကိစ္စတစ်ခုတည်းပဲ ဆွေးနွေးမှာဖြစ်ပြီး တခြားဘာကိစ္စမှ ထည့်သွင်းဆွေးနွေးမှာမဟုတ်ပါဘူး" လို့ ဆိုပါတယ်။

 

ဖေဖော်ဝါရီလကုန်အနီး ရုရှားနဲ့ယူကရိန်းတို့မှအရာရှိတွေ ကြိုကြားတွေ့ဆုံပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရှေ့မဆက်ခဲ့ကြကြောင်း နှစ်ဘက်စလုံးမှ အသိပေးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က 'ဇယ်လန်စကီ'က ယူကရိန်းရုပ်သံမှာ ထုတ်လွှင့်ပြောကြားခဲ့ရာမှာ သံတမန်ရေးညှိနှိုင်းမှု မပါဝင်ဘဲ စစ်ပွဲကိုရပ်တန့်လို့မရနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

 

စစ်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ယူကရိန်းပြည်သူအများအပြားပေးဆပ်ခဲ့ရကြောင်း၊ ဒုတိယအကြီးဆုံးမြို့ခါကိဗ်အနီးမှာ ယူကရိန်းတပ်တွေအသာရလာပေမယ့် ဒွန်ဘတ်စ်ဒေသမှာတော့ အများအပြားကျဆုံးခဲ့ရကြောင်း မှတ်ချက်ပြုသွားပါတယ်။

 

၂၀၁၄ ခုနှစ်က ရုရှားတို့သိမ်းပိုက်ခဲ့တဲ့ ခရိုင်မီယာကျွန်းဆွယ်ကို ပြန်လည်သိမ်းယူဖို့ကြံစည်လာသမျှကလည်း လူထောင်သောင်းများစွာ သေကြေပျက်စီးရမှာပဲဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားပါတယ်။

 

Source: Reuters
#Yangon_Media_Group