Published 21 May 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားခရီးစဉ်အတွက် စေလွှတ်ထားတဲ့ အမေရိကန်ထောက်လှမ်းရေးနှစ်ဦးဟာ သမ္မတ ဆိုးလ်မြို့ကိုမရောက်ခင် တစ်ရက်မှာ အရက်မူးပြီး တောင်ကိုးရီးယားတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့လို့ သူတို့ကို အမေရိကန်ပြန်ပို့လိုက်တယ်လို့ အရာရှိတွေကပြောပါတယ်။

အငှားယာဉ်ထဲမှာ ရန်ဖြစ်ကြပြီးနောက် ကြာသပတေးနေ့ အစောပိုင်းအချိန်မှာ ထောက်လှမ်းရေးနှစ်ဦးထဲက တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ယောင်ဆန်ခရိုင်ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အဲဒီသူကိုဖမ်းဆီးထိန်းသိမ်းခဲ့တာမဟုတ်ဘဲ တောင်ကိုးရီးယားအရာရှိတွေက စစ်ဆေးခဲ့တာဖြစ်တယ်လို့ အမေရိကန် အရာရှိတစ်ဦးက အငြင်းပွားပါတယ်။ အငြင်းပွားမှုမှာ ပါဝင်တဲ့ အခြားထောက်လှမ်းရေးတစ်ဦးကတော့ စစ်ဆေးမှုလည်း မခံခဲ့ရဘူးလို့ သူကဆက်ပြောပါတယ်။

“ လျှို့ဝှက်ထောက်လှမ်းရေးဌာနဟာ အလုပ်ချိန်ပြင်ပမှာ အဲဒီဝန်ထမ်းနှစ်ဦး အခင်းဖြစ်ပွားခဲ့တာသိပါတယ်။ အဲဒီအဖြစ်အပျက်ဟာ မူဝါဒဖောက်ဖျက်တဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ ဌာနရဲ့ပြောရေးဆိုခွင့်ရသူ အန်တိုနီ ဂူဂလီမီက ရိုက်တာကိုပြောပါတယ်။

အဲဒီသူတွေကို သူတို့တာဝန်ကျရာဌာနကို ချက်ခြင်းပြန်ပို့လိုက်ပြီး အုပ်ချုပ်ရေးဆိုင်ရာခွင့်ခံစားခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဘိုင်ဒင်ရဲ့ခရီးစဉ်အပေါ်ထိခိုက်မှုမရှိပါဘူး” လို့ သူကပြောပါတယ်။

အဲဒီအဖြစ်အပျက်ဟာ Grand Hyatt ဟိုတယ်အပြင်ဘက်မှာဖြစ်ခဲ့တာပါ။ အဲဒီဟိုတယ်ဟာ မေ၂၀ကနေ ၂၄ရက်အထိ ဘိုင်ဒင်ရဲ့ တောင်ကိုးရီးယားနှင့် ဂျပန်ခရီးစဉ်အတွင်း ဘိုင်ဒင်ဟာ ဆိုးလ်မြို့တော်မှာ တည်းခိုဖို့စီစဉ်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။

တောင်ကိုးရီးယားရဲတွေက အဲဒီထောက်လှမ်းရေးနှစ်ဦးရဲ့ အမည်နှင့်အခြားအချက်အလက်တွေမပေးပါဘူး။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဟာ  အမေရိကန်သမ္မတနှင့်အိမ်ဖြူတော်ကို စောင့်ကြပ်ပေးရတဲ့ အမေရိကန်အေဂျင်စီတစ်ခုဖြစ်ပါတယ်။ ဒီလို နိုင်ငံရပ်ခြားမှာ ဆိုသွမ်းစွာပြူမူလုပ်ဆောင်တာတွေ မကြာခဏဆိုသလို ရှိခဲ့ပါတယ်။

၂၀၁၂ခုနှစ်တုန်းက လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင် ၁၁ ဦးဟာ သမ္မတ ဘားရက်အိုဘားမား မရောက်ခင် ကိုလံဘီယာကို ကြိုတင်ရောက်ရှိနေစဉ်မှာ ပြည့်တန်ဆာတွေနှင့် အငြင်းပွားတာတွေအပါအဝင် မလျော်မကန်ပြုမူခဲ့တာတွေရှိခဲ့လို့ ယခုလိုပဲ  အမေရိကန်ကိုပြန်ပို့ပေးခဲ့ရပါတယ်။

အထိန်းသိမ်းခံရသူဟာ အသက်၃၀ကျော်အရွယ်ဖြစ်ပြီး ဟိုတယ်မှာခရီးဖော် ဧည့်သည်တစ်ဦးက ရဲကိုဖုန်းဆက်ခေါ်လို့ ဖမ်းဆီးခံခဲ့ရကြောင်း တောင်ကိုးရီးယားရုပ်သံ TV Chosun က ပထမဆုံးသတင်းထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Source Reuters