#Ukraine_Crisis
Published 21 May 2022

 

မာရီယူပိုလ်မြို့ရှိ အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံမှာပုန်းခိုနေတဲ့ ယူကရိန်းနောက်ဆုံးခံတပ်အဖွဲ့ဟာ သောကြာနေ့ကအညံ့ခံလိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

ဒါကြောင့် ဒွန်ဘတ်စ်ဒေသကို အပိုင်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ ရုရှားတို့အနေနဲ့ စစ်ပွဲကာလအတွင်း အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

 

ရုရှားတို့ကြေညာချက်မထုတ်ခင် နာရီပိုင်းအလိုမှာပဲ ယူကရိန်းစစ်တပ်က သံမဏိစက်ရုံမှာရှိတဲ့ နောက်ဆုံးခုခံရေးသမားတွေကို လက်နက်ချပြီး အသက်ရှင်လျက်ထွက်လာဖို့ ညွှန်ကြားခဲ့ကြောင်း သမ္မတ’ဇယ်လန်စကီ’က ပြောကြားသွားပါတယ်။

 

နောက်ဆုံးခံတပ်အဖွဲ့က ၅၃၁ ယောက် အညံ့ခံခဲ့တယ်လို့ ရုရှားကကြေညာခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်း ယူကရိန်းခံတပ်မှ လက်နက်ချအညံ့ခံသူ ၂,၄၃၉ ဦးရှိလာပြီလို့ ဆိုပါတယ်။

 

အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံရှိတဲ့နယ်မြေဟာ နောက်ဆုံးတော့လွတ်မြောက်ငြိမ်းချမ်းသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

 

ဒီအရေအတွက်ကို ယူကရိန်းဘက်ကတော့ ချက်ချင်းအတည်မပြုသေးပါဘူး။

လူဟန့်စ်ပြည်နယ်မှ ယူကရိန်းထိန်းချုပ်ထားရာနောက်ဆုံးနယ်မြေတစ်ခုကိုလည်း ရုရှားတို့ကအဓိကထား တိုက်ခိုက်နေပါတယ်။

 

“ဆီဗီရိုဒိုနက်စ်မြို့ကို ရုရှားတို့ကအပြင်းအထန်တိုက်ခိုက်ဖျက်ဆီးနေပါတယ်၊ လူနေရပ်ကွက်တွေကိုဗုံးကျဲပြီး တစ်အိမ်ပြီးတစ်အိမ်ဖျက်ဆီးနေပါတယ်၊ လူတွေဘယ်လောက်သေပြီလဲဆိုတာ မသိရပါဘူး၊ အခန်းတိုင်းလိုက်ကြည့်နေလို့မှ မဖြစ်နိုင်တာ” လို့ လူဟန့်စ်အုပ်ချုပ်ရေးမှူး’ဆာဟီဂိုင်ဒိုင်’က တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

 

ရုရှားတို့ဟာ မြို့တော်ကိဗ်ကိုမသိမ်းနိုင်ခဲ့တဲ့နောက် ဆီဗီရိုဒိုနက်စ်မြိုနဲ့ လစ္စချန့်စ်မြို့တို့ကို သိမ်းပိုက်ဖို့ကြိုးစားလာခဲ့ပါတယ်။

 

လတ်တလောသီတင်းပတ်တွေမှာ ရုရှားတို့က နယ်မြေဆုံးရှုံးမှုများရှိခဲ့ပေမယ့် လူဟန့်စ်အရှေ့ဘက်သို့ချီတက်လာရာ ရုရှားထောက်ခံရေးသမားများ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ရုရှားတို့အဓိက သိမ်းပိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။

 

“ဒီအခြေအနေက နောက်သီတင်းပတ်တွေအတွင်း ပဋိပက္ခအဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်၊ ဆီဗီရိုဒိုနက်စ်နဲ့ အခြားနယ်မြေတွေကို ဘယ်လိုသိမ်းပိုက်ထိန်းချုပ်မလဲဆိုတဲ့အပေါ် မူတည်နေပါတယ်’’ လို့ လန်ဒန်ချာသမ်အိမ်တော်မှ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုလိုက်ပါတယ်။

 

ရုရှာတို့ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ စတင်ကျူးကျော်ခဲ့ပြီးနောက် မာရီယူပိုလ်မြို့ကိုထိန်းချုပ်နိုင်ခဲ့တာဟာ အလွန်အရေးပါပေ‌မယ့်လည်း ပျက်စီးဆုံးရှုံးမှု အတော်လေးများပြားခဲ့ပါတယ်။

 

မာရီယူပိုလ်တည်ရှိရာ ဒိုနက်စ်နဲ့လူဟန့်စ်တို့ပါဝင်တဲ့ ဒွန်ဘတ်စ်ဒေသဟာ လုံးဝဥသုံဖျက်ဆီးခံခဲ့ရပြီး ငရဲခန်းအသွင်ပျက်စီးသွားခဲ့ကြောင်း ‘ဇယ်လန်စကီ’က မိန့်ကြားသွားခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group