#WorldHealth
Published 21 May 2022

 

သက်လတ်ပိုင်းအရွယ်တွေမှာ ဆီးချိုရောဂါဖြစ်ပွားသူတွေဟာ အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာခံစားရနိုင်ချေ ၄ ဆပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

ဆီးချိုရောဂါက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်နေပြီး ဦးနှောက်မှာ ဆိုးကျိုးဖြစ်စေတဲ့ ပရိုတိန်းများ စုဝေးလာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သံသယရှိနေပါတယ်။

 

သုတေသီတွေက လူပေါင်း ၅ ထောင်ကို ဆယ်စုနှစ်တစ်ခုကြာအောင်စောင့်ကြည့်ခဲ့ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ပေါ်လာသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။

ဆီးချိုရောဂါရှိတဲ့ အသက် ၅၅ နှစ်ဝန်းကျင်ရှိ လူတွေဟာ အသက် ၆၅ နှစ်ကျော်တဲ့အခါ မှတ်ဉာဏ် ချို့ယွင်းခြင်းဝေဒနာ ဖြစ်ပေါ်နိုင်ချေ ၄ ဆပိုများတာကို တွေ့ခဲ့ကြပါတယ်။

 

လူအများစုက ကျန်းမာရေးမညီညွတ်တဲ့ အစားအသောက်များနဲ့ ကိုယ်အလေးချိန်များခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပါတယ်။

 

အသက် ၅၅ နှစ်အရွယ်မှာ ဆီးချိုရောဂါနဲ့ သွေးပေါင်ချိန်များခြင်းတို့က မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။

 

နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိတဲ့ အသက် ၆၅ နှစ်အရွယ် လူတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းမျိုး ဆက်စပ်ဖြစ်ပေါ်နိုင်ပါတယ်။

 

လေဖြတ်ခြင်း ဒါမှမဟုတ် ဆီးချိုရောဂါရှိတဲ့ အသက် ၇၀ ကျော်တွေကတော့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ အများဆုံးဖြစ်ပါတယ်။

 

အိုင်ယာလန်ဂယ်လ်ဝေး အမျိုးသားတက္ကသိုလ်မှ ပရော်ဖက်ဆာ’အမ်မာမက်ဂရက်’က “သက်လတ်ပိုင်းတွေမှာ ဆီးချိုရောဂါရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းပိုမိုဖြစ်ပွားနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အသက်မကြီးသေးခင်မှာ ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ပိုမိုထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်” လို့ ပြောပြသွားပါတယ်။

 

ပင်စင်ယူပြီးတဲ့အချိန်မှာ အပူအပင်မရှိ အနားယူချင်ကြတာကြောင့် ဘယ်သူကမှ အဆိုပါဝေဒနာမျိုးမဖြစ်ချင်ကြောင်း ဆိုပါတယ်။

 

သုတေသီတွေရဲ့လေ့လာချက်တွေထဲမှာ အသက် ၅၅ နှစ်မှာဆီးချိုရှိသူတွေက မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၄.၃ ဆပိုများပြီး အသက် ၆၅ နှစ်မှ ဆီးချိုရှိသူတွေက ၂ ဆသာပိုများပါတယ်။

 

ဒါကြောင့် အသက်ပိုငယ်တဲ့လူတွေမှာ ဦးနှောက်ပိုမိုထိခိုက်စေတတ်တယ်လို့ ယူဆနိုင်ပါတယ်။
အသက် ၅၅ နှစ်အရွယ်မှာ သွေးပေါင်ချိန် ၁၀ တက်လာတိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၁၂ ရာခိုင်နှုန်း ပိုများလာပါတယ်။

 

ယူကေမှ အယ်လ်ဇိုင်းမားရောဂါ သုတေသနဌာနရဲ့ ဦးစီးမှူးဒေါက်တာ’ရိုဆာဆန်ချို’ပြောကြားရာမှာ ဒီသုတေသနက ဆီးချိုနဲ့ သွေးတိုးရှိခြင်းဟာ နောက်ပိုင်းမှာမှတ်ဉာဏ်ချို့ယွင်းမှု ဖြစ်လာနိုင်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။

 

Source: DailyMail.
#Yangon_Media_Group