Published 18 May 2022

မတ်လအတွင်း တရုတ်အရှေ့ပိုင်းလေကြောင်းပိုင်လေယာဉ်ပျက်ကျတာဟာ လေယာဉ်ပေါ်ပါတစ်ဦးဦးရဲ့ တမင်ရည်ရွယ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားကြတဲ့အကြောင်း အင်္ဂါနေ့က ဝေါစထရိဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။ ဒီပျက်ကျမှုဟာ ဆယ်စုနှစ်များစွာထဲမှာ တရုတ်နိုင်ငံရဲ့ အဆိုးရွးဆုံးလေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။

တရုတ်အရှေ့ပိုင်းလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် MU5375ဟာ ကူမင်းကနေကွမ်ကျိုးကို  မတ်၂၁ရက်နေ့က ပျံသန်းနေစဉ် အမြင့်ပေးနှစ်သောင်းကိုးထောင်ကနေ ထူးခြားစွာ ဇောက်ထိုးဆင်းပြီးပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပါသူ ၁၃၂ဦးလုံး သေဆုံးခဲ့ကြရပါတယ်။

ပျက်ကျတဲ့နေရာက ရရှိတဲ့ ခရီးစဉ်အသံသွင်းမှတ်တမ်းသေတ္တာနက်ကို သုံးသပ်မှုပြုနိုင်ဖို့ အမေရိကန်ကိုပေးပို့ခဲ့ပါတယ်။  အဲဒီသေတ္တာနက်ကရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်မှူး သို့မဟုတ် လေယာဉ်ခေါင်းပိုင်းထဲ  အတင်းခေါ်ဆောင်ခံရသူတစ်ဦးဦးက ဘိုအင်း၇၃၇-၈၀၀  လေယာဉ်ကို ခေါင်းစိုက်ဆင်းဖို့ အမိန့်ပေးခဲ့ပုံရတယ်လို့ ဖော်ပြနေပါတယ်လို့ အဲဒီစုံစမ်းမှုနှင့်ကျွမ်းဝင်သူတစ်ဦးကို ကိုးကားပြီး ဝေါစထရိက ရေးသားပါတယ်။

“ လေယာဉ်မောင်းခန်းထဲက တစ်ဦးဦးက လုပ်ခိုင်းတဲ့အတိုင်း လေယာဉ်ပျံသန်းခဲ့ရတာဖြစ်တယ်” လို့ ပဏာမစုံစမ်းမှုတွေနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ဝေါစထရိဂျာနယ်ကိုပြောပါတယ်။

တရုတ်စုံစမ်းစစ်ဆေးသူတွေကလည်း ပျက်ကျရလောက်အောင် လေယာဉ်နှင့် ပျံသန်းထိန်းကျောင်းမှုတွေမှာ ဘာပြဿနာမှမတွေ့ခဲ့ဘူးလို့ပြောထားပါတယ်။အဲဒီအချက်ကို အမေရိကန်အရာရှိတွေကလည်း ထောက်ခံထားပါတယ်။

အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်မှုအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့နှင့် ဘိုအင်းကုမ္ပဏီတို့က ဒီစစ်ဆေးတွေ့ရှိမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ ပုံမှန်မဟုတ်တာတစ်ခုခုကို အထောက်အထားမတွေ့ခဲ့ရဘူးလို့  ဘိုအင်းရဲ့ အစီရင်ခံစာတစ်ခုက ပြောတယ်လို့ တရုတ်လေကြောင်းအာဏာပိုင်အဖွဲ့က ဧပြီလတုန်းကပြောပါတယ်။

ဝန်ထမ်းတွေဟာ မပျံသန်းခင် လိုအပ်တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေ အားလုံးလုပ်ခဲ့တယ်။ လေယာဉ်ပေါ်မှာလည်း အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်ယူသွားတာမရှိဘူး၊ပြီးတော့ ရာသီဥတု ဆိုးရွားတာမျိုလည်း မရှိဘူးလို့ အဲဒီအဖွဲ့ကပြောပြီး အသေးစိတ်သိရဖို့ နှစ်များစွာကြာနိုင်တယ်လို့ဆိုထားပါတယ်။

Source AFP