#Health_Technology
Published 10 May 2022

 

ဝင်လာတဲ့ပုံရိပ်များကို ဦးနှောက်သို့ ကြိုးမဲ့ပေးပို့နိုင်မယ့် ကင်မရာပါပြီးသားဖြစ်တဲ့ နည်းပညာမြင့်မျက်မှန်ကို သုတေသနပညာရှင်များ စမ်းသပ်တီထွင်လျက်ရှိပါတယ်။

 

အဆိုပါပစ္စည်းဟာ မျက်မမြင်အများစုမှာ မျက်လုံးနဲ့ဦးနှောက်ကြားထဲက ထိခိုက်ပျက်စီးနေပြီဖြစ်တဲ့ အာရုံကြောတွေကိုဖြတ်ကျော်ပြီး ပုံရိပ်များကို ဦးနှောက်သို့တိုက်ရိုက်ပေးပိုပေးမှာဖြစ်ပါတယ်။

နယ်သာလန်မှ ပညာရှင်များအဖွဲ့က ဒီပစ္စည်းကို အိုင်ဟိုဗန်မြို့မှာစမ်းသပ်နေတာဖြစ်ပြီး ကလေးဘဝတည်းက အမြင်အာရုံဆုံးရှုံးခဲ့တဲ့ အမေရိကန်တေးဂီတရှင် သူရဲကောင်း'စတီဗီဝမ်းဒါး'ကလည်း ထောက်ခံအားပေးနေပါတယ်။

 

ဆေးပညာတိုးတက်လာခြင်းနဲ့အတူ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အမြင်အာရုံပြန်မရနိုင်တော့တဲ့မျက်မမြင်ဝေဒနာရှင်များအတွက် ကုထုံးများနဲ့ ပစ္စည်းများကို စမ်းသပ်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။

 

လက်ရှိစမ်းသပ်နေတဲ့အထဲမှာ ယူကေနဲ့အမေရိကန်တို့မှာ စမ်းသပ်နေတဲ့ မျက်လုံးတုကုသနည်းတွေနဲ့ မျိုးရိုးလိုက်အမြင်အာရုံ မရရှိခြင်းကို ကုသပေးမယ့် CRISPR မျိုးရိုးဗီဇကုသ ပစ္စည်းစမ်းသပ် နည်းတို့ပါဝင်ပါတယ်။

 

အခုနောက်ဆုံးထုတ်လုပ်နေတဲ့ မျက်မှန်တွေဟာ ပုံရိပ်တွေကို ဦးနှောက်သို့ပိုပေးနိုင်တဲ့ စက်ပစ္စည်း တွေပါဝင်ပါတယ်။

 

မျက်မှန်မှာပါဝင်တဲ့ ကင်မရာကနေ ခလုတ်နှိပ်လိုက်ပါက ပုံရိပ်ကားချပ်အတိုင်းရရှိလာမှာ ဖြစ်ပါတယ်။

 

အဆိုပါပုံရိပ်တွေက မျက်မမြင်ပုဂ္ဂိုလ်ရဲ့ ဦးနှောက်ထဲရှိအမြင်အာရုံလှုံ့ဆော်ပေးတဲ့ visual cortex အစိတ်အပိုင်းပေါ်မှာ တပ်ဆင်ထားတဲ့ ဆားကစ်ပြားလေးဆီသို့ ကြိုးမဲ့စနစ်ဖြင့် ရောက်ရှိလာမှာဖြစ်ပြီး ဝိုင်ဖိုင်နဲ့ ဘလူးတုသ်နည်းပညာများကဲ့သို့ ရေဒီယိုလှိုင်းများဖြင့် ပေါင်းစပ်အသုံးချထားတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အဆိုပါဦးနှောက်အစိတ်အပိုင်းက မျက်လုံးထဲဝင်လာတဲ့အကြောင်းအရာကို ပုံရိပ်အဖြစ်သိရှိအောင် ကူးပြောင်းပေးတာဖြစ်ပြီး သုတေသီတွေက ထိုနည်းလမ်းအတိုင်း လျှပ်ကူးပစ္စည်းလေးတွေကို အသုံးပြုကာ ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။

 

သိပ္ပံပညာရှင်တွေက ဒီပစ္စည်းကို လူသားတွေနဲ့မစမ်းသပ်ရသေးပေမယ့် မျောက်တွေနဲ့စမ်းသပ်ရာမှာတော့ အောင်မြင်မှုရခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

အရင်ကစမ်းသပ်ခဲ့တဲ့မျက်မှန်တွေဟာ ရောဂါပိုးကူးစက်ခြင်းဖြစ်နိုင်တဲ့ အန္တရာယ်မျိုးရှိနေပြီး ယခုကြိုးမဲ့စနစ်နဲ့ထုတ်လုပ်တဲ့ ပစ္စည်းကတော့ ဒီလိုပြဿနာတွေကိုကျော်လွှားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

 

အဆိုပါ မျက်မှန်တပ်ဆင်ဖို့အတွက် ဘယ်လောက်ကုန်ကျမလဲဆိုတာ ဖော်ပြခြင်းမရှိသေးပေမယ့် ဆားကစ်ပြားလေး ခွဲစိတ်တပ်ဆင်ခထည့်မတွက်ရင်တောင် အမေရိကန်မှာဒေါ်လာ ၁၁၀,၀၀၀ ခန့်ကုန်ကျနိုင်ပါတယ်။

 

မျက်လုံးကိုဖြတ်ကျော်ပြီး ဦးနှောက်ကိုတိုက်ရိုက်ပေးပိုမယ့်နည်းပညာဟာ အမြင်အာရုံဆုံးရှုံးသူအများစု ခံစားနေရတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာဖြစ်တယ်လို့ အိုင်ဟိုဗန်နည်းပညာတက္ကသိုလ်မှသုတေသီ'အဒီဒါယိုအိုမီဆာကင်'က ပြောကြားလိုက်ပါတယ်။

ဆားကစ်ပြားပစ္စည်းလေးကို လည်ပင်းအနောက်ဘက်အရေပြားအောက်မှာ ထားရှိမှာဖြစ်ပါတယ်။

 

အရင်ကဆားကစ်ပြားကို တပ်ဆင်ရာမှာ လျှပ်စစ်ကဦးခေါင်းကနေဖြတ်ပြီး အကြောဆွဲတာမျိုးဖြစ်ပေါ်တတ်ပါတယ်။

 

တိကျပြတ်သားတဲ့ပုံရိပ်ရဖို့ လျှပ်ကူးပစ္စည်းများများ အသုံးပြုဖို့လိုအပ်ကြောင်း မစ္စတာ'အိုမီဆာကင်'ကဆိုပါတယ်။ မျက်မမြင်များအတွက်ထုတ်လုပ်ခဲ့တဲ့ပစ္စည်းအများအပြားရှိခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

 

'စတီဗီဝမ်းဒါး'က နယ်သာလန်မှ Envision မှထုတ်လုပ်တဲ့မျက်မှန်ကို မတ်လအတွင်းအမေရိကန်နည်းပညာပြပွဲမှာ စမ်းသပ်ခဲ့ပြီးနောက် သဘောကျလျက်ရှိနေပါတယ်။

 

Source: DailyMail.
#Yangon_Media_Group