#WorldPolitics
Published 10 May 2022

 

နှစ် ၃၀ ကျော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက်ဆုံးမှာတော့ မစ္စတာ'ဖာဒီနန်မားကိုစ်ဂျူနီယာ'ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါပြီ။

 

မေလ ၁၀ ရက်နေ့အင်္ဂါနေ့ နံနက်ပိုင်းမှာ အာဏာရှင်ဟောင်းရဲ့သားဖြစ်သူ အသက် ၆၄ နှစ်ရှိ'မားကိုစ်'ဟာ တရားဝင်မဲအရေအတွက်အားလုံးရဲ့ ၉၄ ရာခိုင်နှုန်းဖြင့် မဲစုစုပေါင်း သန်း ၃၀ နီးပါးအထိရရှိခဲ့ပြီး အများဆန္ဒအရေအတွက်အဖြစ် သတ်မှတ်ထားတဲ့ ၂၇.၅ သန်းကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

 

တနင်္လာနေ့က သမ္မတရွေးကောက်ပွဲမဲပေးခြင်းကို ပိတ်သိမ်းခဲ့ပြီးနောက် မဲအရေအတွက် ၆၇ သန်းရှိတဲ့ထဲက ၄၅ သန်းနီးပါးရေတွက်ပြီးချိန်မှာ 'ဖာဒီနန်မားကိုစ်ဂျူနီယာ'က အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ လက်ရှိဒုသမ္မတ'လန်နီရိုဘရီဒို'ကို ၁၃.၃ သန်းဖြင့် အသာရနေခဲ့ပါတယ်။

 

နောက်ဆုံးအနေနဲ့ မစ္စတာ'မားကိုစ်'က မဲပေါင်း ၂၇ သန်းနဲ့ ၃၂ သန်းကြားရနိုင်ဖွယ်ရှိပြီး မစ္စ'ရိုဘရီဒို'ကတော့ ၁၅ သန်းအများဆုံးသာရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

 

အနားယူတော့မယ့် သမ္မတ'ရိုဒရီဂိုဒူတာတေ'ရဲ့သမီးဖြစ်ပြီး မစ္စတာ'မားကိုစ်ဂျူနီယာ'နဲ့အတူ ပါဝင်ယှဉ်ပြိုင်တဲ့ အသက် ၄၃ နှစ်ရှိ မစ္စ'ဆာရာဒူတာတေကာပီယို'က ဒုသမ္မတဖြစ်လာမှာ ဖြစ်ပြီး ဒုတိယနေရာက လွှတ်တော်အမတ်'ကီကိုပန်ဂီလီနန်'ထက် မဲအရေအတွက် ၁၈ သန်းပိုများခဲ့ပါတယ်။

 

တနင်္လာနေ့ညကရလာဒ်တွေဟာ မျှော်မှန်းထားတဲ့အတိုင်း မစ္စတာ'မားကိုစ်ဂျူနီယာ'နဲ့ မစ္စ'ဒူတာတေကာပီယို'တို့ အပြတ်အသတ်အနိုင် ရခဲ့တာဖြစ်ပါတယ်။

ညသန်းခေါင်မတိုင်ခင် ရုပ်မြင်သံကြားကနေ ပြောကြားရာ မစ္စတာ'မားကိုစ်ဂျူနီယာ'က သူ့ကိုထောက်ခံမဲပေးသူများကို ကျေးဇူးတင်ရှိကြောင်း ပြောသွားပါတယ်။

 

"ဒီလိုအောင်မြင်မှုကြီးက တစ်ဦးတစ်ယောက်တည်းနဲ့ မဆိုင်ပါဘူး၊ နည်းလမ်းပေါင်းစုံဘက်ပေါင်းစုံကနေ ကူညီပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောကြားလိုက်ပါတယ်။

 

မနီလာမြို့အရှေ့ဘက်ရှိ စည်းရုံးရေးအဖွဲ့ချုပ်ဌာနမှာ ထောက်ခံအားပေးသူတွေနဲ့အတူ အောင်ပွဲခံပျော်ပါးနေခဲ့ကြပြီး အာဏာရှင်ဟောင်းလက်ထက်က ဝါဒဖြန့်စစ်ချီသီချင်းကို သီဆိုနေခဲ့ကြပါတယ်။

 

မဲဆန္ဒရှင်များစွာဟာ စတင်မဲပေးချိန် နံနက် ၆ နာရီမတိုင်ခင်ကတည်းက မဲဆန္ဒနယ်များသို့ စုဝေးရောက်ရှိနေခဲ့ကြပါတယ်။

 

မစ္စတာ'မားကိုစ်ဂျူနီယာ'က မစ္စတာ'ဒူတာတေ'ရဲ့လမ်းစဉ်များအတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရုတ်နဲ့ပြန်လည်သင့်မြတ်ရေးတို့ကို ဆက်လက်လုပ်‌ဆောင်သွားမယ်လို့ မဲဆွယ်ခဲ့တာပါ။

 

သူ့ကိုဝေဖန်တဲ့ဘက်ကတော့ အဖေဖြစ်သူအာဏာရှင်ဟောင်းလက်ထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေကို‌ ထောက်ပြခဲ့ကြပြီး ဒီလိုအာဏာရှင်မိသားစုလက်ထဲ အာဏာပြန်ရောက်တော့မှာဖြစ်တယ်လို့ ဆိုနေကြပါတယ်။

 

Source: The Straits Times
#Yangon_Media_Group