#WorldHealth
Published 10 May 2022

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမခံရဖူးတဲ့ အဝလွန်သူတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းဖြင့်ရရှိလာတဲ့ ကာကွယ်နိုင်စွမ်းက သက်ရောက်မှုနည်းပါးနိုင်ကြောင်း တူရကီလေ့လာချက်တစ်ရပ်မှာဖော်ပြထားပါတယ်။

 

လေ့လာမှုထဲမှာ SARS-CoV-2 မကူးစက်ဖူးတဲ့ အဝလွန်သူတွေမှာ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကာကွယ် ဆေးထိုးနှံခြင်းက ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ပဋိပစ္စည်း (antibody) ပမာဏ ၃ ဆကျော် နည်းပါးကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဆိုင်နိုဗက်ဘိုင်အိုတက်ခ်မှ ထုတ်လုပ်တဲ့ ကိုရိုနာဗက်ကာကွယ်ဆေးထိုးပြီး ကိုရိုနာမကူးစက်ဖူးတဲ့ အဝလွန်သူတွေမှာတော့ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေထက် ပဋိပစ္စည်းပမာဏ ၂၇ ဆလျော့ နည်းကြောင်း နယ်သာလန်နိုင်ငံ အဝလွန်ခြင်းနဲ့ပတ်သက်တဲ့ ဥရောပကွန်ဂရက်မှာ ယခုအပတ်အတွင်း တင်ပြသွားပါတယ်။

 

အရင်ကကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖူးတဲ့သူတွေမှာတော့ အဝလွန်သည်ဖြစ်စေ၊ ပုံမှန်ကိုယ်အလေးချိန်ရှိသည်ဖြစ်စေ ပဋိပစ္စည်းပမာဏအတူတူပဲဖြစ်ကြောင်း နှိုင်းယှဉ်တွေ့ရှိရပါတယ်။

 

BMI ၄၀ နဲ့ အထက်ရှိတဲ့အဝလွန်သူ ၁၂၄ ဦးနဲ့ BMI ၂၅ အောက်ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ရှိသူ ၁၆၆ ဦးတို့မှာ ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ထွက်ရှိလာတဲ့ ကိုယ်ခံအားတုန့်ပြန်မှုတွေကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။

 

အယောက် ၁၃၀ က mRNA အမျိုးအစားဖိုင်ဇာကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး အယောက် ၁၆၀ ကတော့ ဆိုင်နိုဗက်ရဲ့အသက်မဲ့ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခဲ့ကြပါတယ်။

 

အဝလွန်တဲ့သူတွေမှာ ဖိုင်ဇာဘိုင်အိုတက်ခ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်းက ကိုရိုနာဗက်ကာကွယ်ဆေးထိုးခြင်းထက် ပဋိပစ္စည်းထွက်ရှိမှု သိသိသာသာများခဲ့ပါတယ်။

 

ပဋိပစ္စည်းများခြင်းက ကိုဗစ်ရောဂါကိုပိုပြီးကာကွယ်ပေးနိုင်မှာလားဆိုတာကိုတော့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်လို့ အစ္စတန်ဘူလ်တက္ကသိုလ်မှ ဦးဆောင်သုတေသနပြုသူ'ဗော်လ်ကန်ဒီမီယာဟန်ယူမွတ်ခ်'က ဖော်ပြထားပါတယ်။

 

Source: Reuters
#Yangon_Media_Group