Published-11 August 2021
အင်ဒိုနီးရှား ရွာသားတွေနှင့် ပညာရှင်တွေက အရပ်လုပ် စက်ရုပ်တစ်ခုကို ကပ်ဘေးကာလအတွင် အပျော်သဘောမျိုး တီထွင်ခဲ့ကြပေမယ့် အခုအဲဒီစက်ရုပ်က ကိုဗစ်-၁၉အတည်ပြုလူနာနှင့်ထိတွေ့ခဲ့ပြီး အိမ်မှာ သီးသန့်နေထိုင်နေရတဲ့သူတွေကို အစားအသောက်တွေ ယူပေးတာ၊ပြုံးပြသလိုတုန့်ပြန်တာတွေနှင့် အသစ်တစ်ခုအဖြစ် အသုံးပြုနေကြပါတယ်။
 
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ အိုးတွေ၊ ဒယ်တွေနှင့် တီဗွီမော်နီတာအဟောင်းတစ်လုံးတို့ကို ပေါင်းစပ်တည်ဆောက်ထားတဲ့ အဲဒီစက်ရုပ်ကို သူတို့က ဒယ်လ်တာစက်ရုပ်လို့ အမည်ပေးထားပါတယ်။
 
“ ဒယ်လ်တာမျိုးဗီဇကွဲအသစ်က ကိုဗစ်၁၉ကူးစက်မှုတွေအများကြီးဖြစ်စေနေတော့ ကျွန်တော်က စက်ရုပ်ကို ပိုးသတ်ဆေးဖြန်းတာ၊ အစားအစာယူပေးတာ၊ ပြီးတော့ အိမ်မှာသီးသန့်နေရတဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာမျိုး စတဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဒီစီမံချက်ကို ဦးဆောင်ခဲ့တဲ့ အသက် ၅၃နှစ်အရွယ် ရပ်ရွာခေါင်းဆောင် အဆေးရန်တိုက ပြောပါတယ်။
 
စက်ရုပ်ရဲ့ ဦးခေါင်းကို ထမင်းပေါင်းအိုးတစ်လုံးနှင့် လုပ်ထားပြီး ၁၂နာရီခံတဲ့ ဘက်ထရီပါတဲ့ အဝေးထိန်းကိရိယာနှင့် စက်ရုပ်ကို ထိန်းသိမ်းမောင်းနှင်ပါတယ်။ အခုစက်ရုပ်ဟာ တမ်ဘောက်ဂီဒီရွာကလေးက ထုတ်လုပ်တဲ့ စက်ရုပ်များစွာထဲက တစ်ခုဖြစ်ပါတယ်။ တမ်ဘောက်ဂီဒီဟာ နည်းပညာကိုတီထွင်ဖန်တီးအသုံးချတတ်တဲ့ ရွာကလေးအဖြစ် ဂုဏ် သတင်းမွှေးပျံနေတဲ့ရွာကလေးပါ။
 
အိမ်ထဲမှာ သီးသန့်နေထိုင်နေရတဲ့ ရွာသားတစ်ဦးအိမ်ကို အဲဒီဒယ်လ်တာ စက်ရုပ်ကလေးက တလိမ့်လိမ့်နဲ့ရောက်လာပြီးနောက် သူ့ရဲ့စပီကာကနေ “ အေးချမ်းပါစေ” လို့ဆုတောင်းသံထွက်လာပါတယ်။ အဲဒီနောက် “ ပစ္စည်းပို့သူ ဒီမှာပါ။ အမြန်ဆုံးနေကောင်းပါစေ” လို့ ဆက်ပြောပါတယ်။
အဲဒီရွာကလေးဟာ အရှေ့ဂျာဗားပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး အင်ဒိုနီးရှားရဲ့ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဆူရာဘာယားမြို့နယ်နိမိတ်ထဲမှာရှိပါတယ်။ ပြီးခဲ့တဲ့လမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းက အဲဒီမြို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့တာပါ။
 
အင်ဒိုနီးရှားနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုရဲ့ အာရှဗဟိုချက်မဖြစ်လာခဲ့ပြီး ယခုအထိ ကူးစက်ခံရသူပေါင်း ၃.၆၈သန်းရှိနေပါတယ်။ လူဦးရေ သန်း၂၇၀ကျော်ရှိတဲ့ နိုင်ငံမှာ သေဆုံးသူပေါင်း တစ်သိန်းရှစ်ထောင်ကျော်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
“ ဒယ်လ်တာစက်ရုပ်က ရိုးရိုးကလေးပါ။ ဒါကိုတီထွင်တုန်းက ကျွန်တော်တို့အရပ်မှာရှိတဲ့ အသုံးမလိုတော့တဲ ပစ္စည်းတွေ သက်သက်ပဲ သုံးခဲ့တာပါ” လို့ အဆေးရန်တိုက ပြောပါတယ်။
 
စက်ရုပ်ရဲ့အောက်ခြေကိုတော့ ကစားစရာ ကားအဟောင်းတစ်စီးရဲ့ အောက်ခံထည်ကို သုံးထားပါတယ် လို့ နောက်ထပ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အင်ဂျင်နီယာနည်းပြဆရာ ဘင်နာဇီယာ အာမန် အာရစ် မူတာကင်က ပြောပါတယ်။
Source : Reuters