Published 9 August 2021
မော်စကို ဩဂုတ် ၉- ရုရှားနိုင်ငံဟာ ကူရယ်လ် ကျွန်းစုမှာ စစ်ရေးအဆောက်အအုံ နောက်ထပ် ၅၁ခုတည်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး တာ့စ် သတင်းအေဂျင်စီကပြောပါတယ်။
 
အဲဒီကျွန်းစုရဲ့ အစိတ်အပိုင်းကို ဂျပန်က သူတို့ပိုင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ ရုရှားက အဲဒီကျွန်းစုတွေကို သိမ်းပိုက်ပြီးကတည်း ဂျပန်နှင့်ရုရှားတို့ဟာ ကျွန်းများနှင့်ပတ်သက်ပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့ ကြတာဖြစ်ပါတယ်။ အဲဒီပြသနာကြောင့် နှစ်နိုင်ငံဟာ တရားဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးရသေးဘဲ ရှိနေခဲ့ပါတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။
 
ကျွန်းတွေပေါ်မှာ အဆောက်အဦပေါင်း ၃၀ကျော်ကို တည်ဆောက်ခဲ့ပြီး အဲဒီအထဲမှာ အီတူရပ်နှင့် ကူနာရှီယာကျွန်းတွေအပေါ်မှာ စစ်သည်တွေအတွက် နေထိုင်စရာ အဆောင်(၇)ဆောင် ဆောက်လုပ်ထားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီကျွန်းတွေကို ဂျပန်က သူတို့ပိုင်တယ်လို့ ပြောထားပြီး ဂျပန်လို မြောက်ပိုင်း ပိုင်နက်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
 
လာမယ့်နှစ်တွေမှာ ဘယ်လိုအဆောက်အဦတွေ ဆောက်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းထားခြင်းမရှိဘူးလို့သိရပါတယ်။
Source: Reuters