#WorldHealth
Published - 09 April 2022
ကလေးအများစုဟာ ကျောင်းကိုလမ်းလျှောက်မသွားချင်လို့ အကြောင်းပြချက်မျိုးစုံပေးလေ့ရှိပေမယ့် 'ကာလမ်ကော့တ်နေ'ဆိုတဲ့ကလေးကတော့ တကယ်ကိုလမ်းလျှောက်သွားလို့မရလောက်တဲ့အထိ ကျန်းမာရေးပြဿနာရှိနေပါတယ်။

အက်ဆက်စ်ခရိုင် ဘေဆယ်ဒုံမြို့ရှိ အသက် ၁၄ နှစ်အရွယ်ကလေးဟာ အအေးနဲ့ဓာတ်မတည့်တဲ့ဝေဒနာခံစားနေရပြီး အပူချိန် ၂၄ ဒီဂရီဆဲလ်စီးယပ်စ်အောက်မှာ ၁၅ မိနစ်ထက်ပိုပြီးနေမိပါက အင်ပျဉ်တွေထလာတတ်ပါတယ်။

သူ့မိဘတွေက သူတို့ရဲ့ကလေးဓာတ်မတည့်ခြင်းဖြစ်ပွားမှာစိုးတဲ့အတွက် တစ်နေကုန်နွေးထွေးအောင်ထားပေးရပြီး ကျောင်းကိုလည်းကားမောင်းပို့ပေးပါတယ်။
ကလေးမိဘတွေပြောကြားချက်အရ 'ကာလမ်'ညအိပ်နေရင်း ခြေထောက်ဖြစ်ဖြစ် လက်ဖြစ်ဖြစ် စောင်လွတ်သွားတယ်ဆိုရင်တောင် မျက်နှာ၊ လက်တွေ၊ ခြေထောက်တွေမှာ အင်ပျဉ်တွေထလာပါတယ်။

သူ့တစ်ကိုယ်လုံးကို အအေးဒဏ်မှကာကွယ်နိုင်အောင် အင်္ကျီလက်ရှည်ဘောင်းဘီရှည်တွေ ဝတ်ပေးထားရပြီး သူဝါသနာပါတဲ့ဘောလုံးကိုတောင် ကစားလို့ မရဘဲဖြစ်နေပါတယ်။

အင်ပျဉ်ထပြီးယားယံတာလောက်ကဖြစ်တတ်ပေမယ့် အအေးနဲ့ဓာတ်မတည့်ခြင်းက အသက်အန္တရာယ်ပါထိခိုက်လာနိုင်တဲ့ anaphylaxis ဓာတ်မတည့်ခြင်းမျိုး ဖြစ်ပွားတတ်ပါတယ်။

အဲဒီလိုဓာတ်မတည့်ခြင်းမျိုးက အခုအချိန်မှာမဖြစ်ပေမယ့် အချိန်မရွေးဖြစ်နိုင်တဲ့အန္တရာယ်ရှိနေကြောင်း အမေဖြစ်သူကပြောပြပါတယ်။

မစ္စ'ကော့တ်နေ'က သူ့သားအကြောင်းပြောပြရာမှာ မိုးရေထဲသွားမိလို့ ရေစိုသွားရင် ပိုဆိုးလာတတ်ကြောင်း၊ ကျောင်းသွားရင် တီရှပ်အင်္ကျီလောက်နဲ့ သွားလို့မရကြောင်း၊ အေးနေတဲ့စားပွဲခုံနဲ့ ထိတွေ့နေတယ်ဆိုရင် အင်ပျဉ်ထလာမှာဖြစ်ကြောင်း ပြောပြသွားပါတယ်။

"အအေးနဲ့ဓာတ်မတည့်ခြင်းက 'ကာလမ်'ရဲ့နေ့စဉ်နေထိုင်မှုဘဝကို သက်ရောက်မှုရှိနေပါတယ်။ အပြင်သွားလို့ မရဘူး၊ အားကစားတွေဘာတွေလုပ်လို့ မရဘူး။ အပြင်ထွက်ပြီးဘောလုံးကစားတယ်ဆိုရင် မျက်နှာဖူးရောင်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ဘယ်အပိုင်းဖြစ်ဖြစ် အအေးထိတွေ့ပြီဆိုတာနဲ့ အင်ပျဉ်ထလာပါတယ်" လို့ အသက် ၃၈ နှစ်အရွယ်ရှိ မစ္စ'ကာလမ်'ကပြောပြပါတယ်။

အင်ပျဉ်တွေထလာရင် နေမထိထိုင်မသာဖြစ်ရကြောင်း၊ ယားယံသလိုဖြစ်ပြီး ဆူးသလိုလည်းခံစားရကြောင်း 'ကာလမ်'ကရှင်းပြပါတယ်။

'ကာလမ်'အသက် ၄ နှစ်အရွယ်မှာ မင်္ဂလာပွဲတစ်ခုအပြင်ဘက်မှာဆော့ကစားရင်း အအေးနဲ့ဓာတ်မတည့်ခြင်းကို ပထမဆုံးခံစားခဲ့ရတာဖြစ်ပါတယ်။

အပင်တွေ ပန်းပွင့်တွေနဲ့ထိတွေ့လို ဓာတ်မတည့်တာမျိုးဖြစ်တယ်လို့ပဲ ယူဆခဲ့ကြပါတယ်။
အဲဒီနောက် ဓာတ်မတည့်ခြင်းက ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး အထူးသဖြင့်ဆောင်းရာသီရောက်လာတဲ့အခါ သိသာလာခဲ့ပါတယ်။

ဆယ်စုနှစ်တစ်ခုလောက်ကြာတဲ့အခါမှာတော့ 'ကာလမ်'ရဲ့အခြေအနေကိုကုသပေးဖို့ တိုင်ပင်လာကြပါတယ်။

အအေးဒဏ်ကိုရှောင်နိုင်ဖို့ ဆရာဝန်တွေက နေထိုင်မှုဘဝပုံစံပြောင်းလဲရန်အကြံပေးခဲ့ပေမယ့် မစ္စ'ကော့တ်နေ'က နိုင်ငံရပ်ခြားသွားပြီး နေထိုင်မှုပုံစံပြောင်းလဲလို့ မဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အအေးနဲ့ဓာတ်မတည့်ခြင်းက ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး ကုသဖို့ နည်းလမ်းမရှိပါဘူး။ အလိုအလျောက်ပြန်ကောင်းသွားတတ်ပြီး နှစ်ပေါင်းများစွာကြာတဲ့အခါ ဝေဒနာပျောက်ကင်းသွားတတ်ပါတယ်။
Source: DailyMail