#WorldHealth
Published - 09 April 2022


မျက်မှန်ပုံမှန်တပ်ဆင်နေရသူတွေဟာ ကိုဗစ်ရောဂါကူးစက်နိုင်ချေအနည်းငယ်လျော့နည်းပြီး မျက်ကပ်မှန်တပ်ဆင်သူတွေကတော့ ရောဂါကူးစက်မှုကာကွယ်နိုင်စွမ်းထူးခြားလာခြင်းမရှိကြောင်း လေ့လာမှုကြီးတစ်ခုအရသိရှိရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းလမ်းကြောင်းမှာ မျက်လုံးရဲ့အရေးပါပုံကိုဖော်ပြလိုက်ပါတယ်။

အင်္ဂလန်နဲ့ဝေးလ်စ်နိုင်ငံတို့ရှိ ဗိုင်းရပ်စ်စောင့်ကြည့်လေ့လာမှုမှာ လူပေါင်း ၁၉,၀၀၀ ကျော်ပါဝင်ခဲ့ပြီး မျက်မှန်တပ်ခြင်းနဲ့ မျက်ကပ်မှန်တပ်ခြင်းတို့ နဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။

ပါဝင်စမ်းသပ်ခံသူတွေဟာ ၂၀၂၀ ဇွန်လကစတင်ကာ သူတို့ရဲ့ကိုဗစ်ရောဂါကျန်းမာရေးအခြေအနေကို အပတ်စဉ်တင်ပြခဲ့ကြပြီး လူပေါင်း ၁၁,၀၀၀ ကျော်က ကိုရိုနာဗိုင်းရပ်စ်ရှိ/မရှိ လစဉ်သွေးနမူနာများပေးပို့ကာ စမ်းသပ်ခဲ့ကြပါတယ်။

ရောဂါကူးစက်နိုင်တဲ့အခြားအခြေအနေတွေကိုပါ ထည့်သွင်းသုံးသပ်ကြည့်ရာမှာ မျက်မှန်ပုံမှန်တပ်ဆင်နေရသူတွေက မျက်မှန်လုံးဝမတပ်ဆင်ရတဲ့သူတွေထက် ရောဂါကူးစက်နိုင်ချေ ၁၅ ရာခိုင်နှုန်းနည်းပါးကြောင်း သုတေသီတို့ တွေ့ရှိခဲ့ကြပါတယ်။

မျက်မှန်နဲ့နှာခေါင်းစည်းအတူတကွတပ်ဆင်ရလို့ စိတ်အနှောင့်အယှက်ဖြစ်ရသူတွေမှာတော့ ရောဂါကာကွယ်နိုင်စွမ်းအနည်းငယ်နည်းပါးပြီး မျက်ကပ်မှန်တပ်ဆင်သူတွေမှာတော့ ကာကွယ်နိုင်စွမ်းမပေးနိုင်တာကို တွေ့ရှိခဲ့ရကြောင်း တနင်္လာနေ့က medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

"မျက်လုံးအကာအကွယ်ပေးနိုင်တဲ့ မျက်မှန်တပ်ဆင်ခြင်းကို ရောဂါကူးစက်မှုကာကွယ်ရေးအစီအစဉ်တွေမှာ အသုံးပြုဖို့ ထည့်သွင်းစဉ်းစားသင့်ပြီး နောင်ပျံ့ ပွားလာနိုင်တဲ့ကပ်ရောဂါကာလနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ လို ဗိုင်းရပ်စ်ထိတွေ့မှုမြင့်မားတဲ့နေရာတွေမှာ မျက်မှန်တပ်ဆင်ခြင်းကအသုံးဝင်လာနိုင်ပါတယ်" လို့ သုတေသီများက ပြောကြားခဲ့ပါတယ်။
Source Reuters