#WorldPolitics
Published- 07 April 2022
ရုရှာတို့က ယူကရိန်းအရပ်သားပြည်သူတွေကိုသတ်ပစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြပေမယ့် ဥရောပနိုင်ငံအချို့က စီးပွားရေးအကျိုးကိုသာ ဦးစားပေးငဲ့ကြည့်နေကြတယ်လို့ ယူကရိန်းကဝေဖန်စွပ်စွဲလိုက်ကာ ဒီစစ်ပွဲကြီးအမြန်ဆုံးအဆုံးသတ်ဖို့ ရုရှားကိုစီးပွားရေးအရ ပြင်းထန်ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ပေးရန် တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာပေါ်မှ ဒီမိုကရက်တစ်နိုင်ငံတွေအနေနဲ့ ရုရှားလောင်စာဆီကိုငြင်းပယ်ကာ ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစနစ်အသုံးပြုခြင်းကနေ လုံးဝပိတ်ပင်တားဆီးဖို့ သမ္မတ'ဇယ်လန်စကီ'က ကြာသပတေးနေ့က နေ့စဉ်ဗီဒီယိုမှတ်တမ်းရိုက်ကူးရာမှာပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံဘူချာမြို့ ကလမ်းတွေမှာ အရပ်သားပြည်သူတွေသေဆုံးနေတဲ့ပုံတွေ ထွက်ပေါ်လာတာကြောင့် နိုင်ငံတကာမှရှုတ်ချဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့တွေက သူတို့ ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဖုံးဖိဖို့ ကြိုးစားလာကြကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

"ရုရှားစစ်တပ်က နည်းဗျူဟာပြောင်းလာကြပြီး လမ်းတွေစခန်းတွေကအလောင်းတွေကို ဖယ်ရှားဖို့ ပြုလုပ်လာကြပါတယ်။ ဒါဟာသက်သေအထောက်အထားကို ဖုံးကွယ်ဖို့ လုပ်နေတာပါပဲ" လို့ 'ဇယ်လန်စကီ'ကဆိုပါတယ်။

ရုရှားဘက်ကတော့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုငြင်းဆန်လိုက်ကာ ဘူခြာမြို့ပေါ်ကအလောင်းပုံတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပျက်ပြားအောင်နဲ့ ရုရှားကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုတွေချမှတ်လာနိုင်အောင် အကွက်ဆင်ကြံစည်ထားတာဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

ဝါရှင်တန်က ဗုဒ္ဓဟူးနေ့မှာနောက်ထပ်ဒဏ်ခတ်ပိတ်ဆို့ မှုများချမှတ်ခဲ့ကြောင်း ကြေညာခဲ့ရာ ရုရှားသမ္မတ'ပူတင်'ရဲ့ သမီးနှစ်ယောက်နဲ့ ရုရှားနိုင်ငံပိုင် Sberbank ဘဏ်တို့ လည်းပါဝင်ခဲ့ပြီး ရုရှားမှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေတဲ့ အမေရိကန်တွေကိုလည်း ပိတ်ပင်မှုတွေပြုလုပ်ခဲ့ပါတယ်။

အမေရိကန်တိုက G20 စီးပွားရေးဖိုရမ်အဖွဲကနေ ရုရှားကိုထုတ်ပယ်ချင်နေပြီး အင်ဒိုနီးရှားမှာပြုလုပ်မယ့် G20 အစည်းအဝေးပွဲတွေမှာ ရုရှားမှအရာရှိများတက်ရောက်လာပါက သပိတ်မှောက်သွားမှာဖြစ်ပါတယ်။

ဒီစစ်ပွဲကြီးအဆုံးသတ်ဖို့က ရုရှားကိုတကယ်ပြင်းထန်ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ယူကရိန်းသမ္မတရုံးမှဦးစီးချုပ်'အန်ဒရီယာမက်'က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဖြစ်စေချင်တာက ရုရှားကိုပို့ ဆောင်နေတဲ့ နည်းပညာတွေ၊ ပစ္စည်းကိရိယာတွေ၊ သယံဇာတတွေ၊ ရှားပါးသတ္တုရိုင်းတွေတင်ပို့ နေတာကို ပိတ်ဆို့တားဆီးပြီး ရုရှားမှာလက်နက်ပစ္စည်းတွေ မထုတ်လုပ်နိုင်တော့အောင် ရပ်တန့်ပစ်ဖို့ပါ"

အခုကြုံတွေ့နေရတဲ့ပြဿနာက အချို့ခေါင်းဆောင်တွေက စစ်ရာဇဝတ်မှုတွေနဲ့ စစ်ပွဲဖြစ်ပွားနေမှုထက် စီးပွားရေးဆုံးရှုံးမှာကို ပိုစိုးရိမ်နေကြတယ်လို့ ထင်မြင်ကြောင်း 'ဇယ်လန်စကီ'ကပြောသွားပါတယ်။

ကျောက်မီးသွေးပိတ်ပင်လိုက်ပါက လက်ရှိစာချုပ်ချုပ်ဆိုမှုတွေကို အကျိုးသက်ရောက်နိုင်မလားဆိုတဲ့ကိစ္စအပါအဝင် အချို့ကိစ္စတွေမှာ သေချာလျှောက်တင်ဆွေးနွေးဖို့ လိုအပ်နေသေးတာကြောင့် ဥရောပသမဂ္ဂ(EU)သံတမန်တွေအနေနဲ့ ဗုဒ္ဓဟူးနေ့က ဒဏ်ခတ်ပိတ်ဆို့ မှုအသစ်တွေချမှတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ရုရှားနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့တရုတ်ကတော့ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံမှဒဏ်ခတ်ပိတ်ဆို့ မှုတွေထပ်မံပြုလုပ်လာတာကြောင့် သတိထားလုပ်ကိုင်ဖို့ မှာကြားထားပြီး တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ ရုရှားနဲ့ချုပ်ဆိုထားတဲ့စာချုပ်တွေကိုလေးစားမှုရှိပေမယ့် နောက်ထပ်စာချုပ်အသစ်တွေကိုတော့ ချုပ်ဆိုသွားမှာမဟုတ်ကြောင်း သတင်းအရင်းအမြစ်အချို့ က ရိုက်တာသတင်းဌာနကို ပြောကြားသွားပါတယ်။
Source: Reuters