#WorldHealth
Published - 07 April 2022


အသက်ရှည်ကျန်းမာစွာနေထိုင်ခြင်းက လူ့ဘဝမှာအရေးအကြီးဆုံးအရာဖြစ်ပြီး ကင်ဆာရောဂါမဖြစ်အောင်နေထိုင်ဖို့ ကလည်း အရေးပါတဲ့ကဏ္ဍဖြစ်နေပါတယ်။
ရောဂါဘယတွေတိုက်ထုတ်ပြီး ကင်ဆာကာကွယ်နိုင်တဲ့အဟာရတွေရရှိဖို့ ဘယ်လိုအစားအစာတွေကိုစားသုံးသင့်သလဲ?

ကယ်လီဖိုးနီးယားမှ အဟာရနှင့်ကျန်းမာရေးပညာရှင် ပရော်ဖက်ဆာ'ဆူဆန်စမစ်ဂျုန်းစ်'က ကင်ဆာရောဂါကို ကာကွယ်နိုင်မယ့် အစားအစာတွေအကြောင်း Fox News Digital နဲ့အင်တာဗျူးမှာ ပြောဆိုဆွေးနွေးသွားပါတယ်။

*ပဲပင်ပေါက်
ကျန်းမာရေးအတွက်အသင့်တော်ဆုံးအစားအစာထဲမှာ ပဲပင်ပေါက်လည်းပါဝင်ပါတယ်။
အမျိုးမျိုးသောပဲပင်ပေါက်တွေက အဟာရဓာတ်များစွာပေးစွမ်းနိုင်ပြီး ကင်ဆာကိုကာကွယ်ပေးနိုင်ပါတယ်။ ဘရော့ကိုလီပဲပင်ပေါက်ကို တစ်နေ့တစ်ပန်းကန်ခွဲစားသုံးပေးပါက ကင်ဆာဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်တယ်လို့ 'ဂျုန်းစ်'က ပြောပြပါတယ်။
လတ်ဆတ်တဲ့ပဲပင်ပေါက်တွေကို ဈေးနှုန်းအလွန်သက်သာစွာဖြင့်ရရှိနိုင်ပြီး အချိန်ခဏလေးနဲ့အပင်ပေါက်လာကြပါတယ်။

*အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပင်ပေါက်၊ ကြံမဆိုင်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်အားလုံးဟာ ကင်ဆာကိုကာကွယ်နိုင်အောင်ကူညီပေးပါတယ်။
လူသားတွေနဲ့စမ်းသပ်မှုပေါင်း ၂၀၆ မျိုးပြုလုပ်ခဲ့ကြရာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ကင်ဆာကိုကာကွယ်နိုင်သလို နှလုံးကြွက်သားသန်မာစေပြီး အဝလွန်ခြင်းမှလည်းကာကွယ်ပေးနိုင်ကြကြောင်း 'ဂျုန်းစ်'က ပြောပြသွားပါတယ်။

*ခရမ်းချဉ်သီး
ဆီးကျိတ်ကင်ဆာမဖြစ်အောင် ခရမ်းချဉ်သီးကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။
ခရမ်းချဉ်သီးရဲ့အဟာရအပြည့်ဝဆုံးအပိုင်းက အနီရောင်ရှိတဲ့အခွံနေရာတွေဖြစ်ပါတယ်။

*လက်ဖက်စိမ်း
မနက်ခင်းမှာ လက်ဖက်စိမ်းရည်သောက်သုံးခြင်းက ကျန်းမာရေးအတွက်ကောင်းကျိုးရရှိလာနိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ကင်ဆာကာကွယ်ပေးနိုင်ရုံသာမက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်းလည်းရှိပြီး ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

*အစေ့အဆန်များ
ဗာဒံစေ့မှာ ပရိုတိန်း၊ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-အီးတို့ ကြွယ်ဝစွာပါဝင်ပါတယ်။
ရေစိမ်ထားတဲ့ဗာဒံစေ့တွေကို ကြိတ်စက်ထဲမှာ ရေ ၄ ခွက်နဲ့ထည့်ကြိတ်ပြီး ဗာဒံစေ့နိုဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။

ကွာစေ့မှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-အီးတိုပါဝင်ပြီး အသားရည်ဝင်းစေတဲ့အပြင် အစာချေဖျက်ခြင်းနဲ့ ကိုယ်ခံအားမြှင့်တင်ပေးခြင်းတို့ မှာ ကူညီပေးပါတယ်။
Source: New York Post