Published: 8 August 2021
ဆားစ်ကော့ဗ်-၂ ဗိုင်းရပ်စ်ဟာ ဆက်လက်ကူးစက်နေတဲ့အတွက် သူ့ရဲ့မျိုးဗီဇကွဲတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဂရိအက္ခရာနှင့် အမည်သတ်မှတ်တဲ့စနစ် ကျင့်သုံးခဲ့ပါတယ်။
ပညာရှင်တွေကတော့ ဒယ်လ်တာမျိုးဗီဇကွဲအပေါ် အာရုံစိုက်ထားဆဲဖြစ်ပါတယ်။ ဒယ်လ်တာဟာ ကမ္ဘာပေါ်မှာ ခပ်မြန်မြန်ကူးစက်ပြီး ကမ္ဘာတစ်လွှား ကြီးစိုးနေပါတယ်။ ဒါပေမယ့် သူ့နေရာကို ဘယ်မျိုးဗီဇကွဲတွေက ထပ်နေရာယူလာနိုင်ကြမလဲဆိုတာအတွက် အခြားမျိုးဗီဇကွဲတွေကို ခြေရာခံလေ့လာနေကြပါတယ်။
 
ဒယ်လ်တာကို အိန္ဒိယတွင် စတွေ့ရပြီး စိတ်အပူရဆုံးအဖြစ်ဆက်လက်ရှိနေဆဲပါ။ နိုင်ငံတော်တော်များများက ကာကွယ်ဆေးမထိုးရသေးတဲ့ လူအုပ်စုတွေအပေါ် တိုက်ခိုက်နေပါတယ်။ အဲဒီအပြင် အရင်မျိုးဗီဇကွဲတွေထက် သူက ကာကွယ်ဆေးထိုးပြီးသားသူတွေကိုလည်း ကူးစက်နိုင်တဲ့ အချိုးအစားပိုများတယ်ဆိုတာ သက်သေပြနေပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒယ်လ်တာကို စိုးရိမ်ပူပန်စရာ မျိုးဗီဇကွဲ variant of concern အဖြစ် အဆင့် သတ်မှတ်ထားပါတယ်။ အဓိပ္ပါယ်ကတော့ သူဟာ ကူးစက်နိုင်ခြေပိုများတယ်၊ပိုပြီးရောဂါပြင်းထန်စေတယ် ဒါမှမဟုတ် ကာကွယ်ဆေးနှင့်ကုသရေးအကျိုးသက်ရောက်မှုအပေါ် လျော့ကျစေတယ့် သဘောဖြစ်ပါတယ်။
 
ဆန်ဒီယာဂိုက လာဂျိုလာ ရှိန်းကောတီ institute for immunology ရဲ့ ဗိုင်းရပစ်ပညာရှင် ရှိန်းကရောတီရဲ့အဆိုအရ ဒယ်လ်တာရဲ့ စူပါ ပါဝါက သူ့ရဲ့ကူးစက်နိုင်အားပဲလို့သိရပါတယ်။
 
ဒယ်လ်တာကူးစက်ခံရသူတစ်ဦးသယ်ဆောင်လာတဲ့ သူ့နှာခေါင်းထဲမှာ ရှိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ မူလပထမ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦးမှာရှိနေတဲ့ ဗိုင်းရပ်စ် အရေအတွက်ထက် ၁၂၆၀ဆပိုများတယ်ဆိုတာကို တရုတ်သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ရပါတယ်။ အချို့ အမေရိကန်သုတေသီတွေပြောတာကတော့ ဒယ်လ်တာကူးစက်ခံရတဲ့ ကာကွယ်ဆေးထိုးပြီးသူတစ်ဦးမှာရှိတဲ့ ဗိုင်းရပ်စ်အကောင်ရေ ဟာ မထိုးရသေးတဲ့သူနှင့် အတူတူလောက်ပဲရှိပါတယ်တဲ့။ ဒါပေမယ့် သုတေသနတွေထပ်လုပ်ဖို့ လိုပါဦးမယ်။
မူလပထမ ကိုရိုနာဗိုင်းရပ်စ်က ရောဂါလက္ခဏာပြဖို့ (၇)ရက်လောက် အချိန်ယူပေမယ့် ဒယ်လ်တာကတော့ နှစ်ရက် သုံရက် ပိုမြန်ပါတယ်တဲ့။ အဲဒါကြောင့် ပြန်လည်ခုခံဖို့ ကိုယ်ခံအားစနစ်အတွက် အချိန်ပိုနည်းသွားစေပါတယ်။ ပြီးတော့ ဒယ်လ်တာဟာ ထပ်ပြီး သန္ဓေပြောင်းနိုင်တဲ့သဘောတွေ့ရပါတယ်။
 
ဒယ်လ်တာ ပလပ်စ်မျိုးဗီဇကွဲထပ်ထွက်လာတာကို ကြည့်ပါ။ ဒယ်လ်တာ ပလပ်စ်ဟာ ဒယ်လ်တာရဲ့အခွဲဖြစ်ပြီး ကိုယ်ခံအားအကာအကွယ်ကို ထိုးဖောက်တဲ့ သန္ဓေပြေင်း အပိုဆောင်းပါလာတာဖြစ်ပါတယ်။
 
အိန္ဒိယက ဒယ်လ်တာ ပလပ်စ်ကို ဇွန်လမှာ variant of concern ထဲထည့်သွင်းလိုက်ပါတယ်။ ဒါပေမယ့် အမေရိကန် CDC ကရော၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရော နှစ်ခုစလုံးကတော့ အဲဒီအဆင့်ထဲ ဒယ်လ်တာပလပ်စ်ကို ယခုထိထည့်မထားသေး ပါဘူး။ ကိုဗစ်-၁၉ အချက်အလက် လွတ်လပ်အရင်းအမြစ်တစ်ခုဖြစ်တဲ့ Outbreak.info က ဒယ်လ်တာပလပ်စ်ဟာ အနည်းဆုံး နိုင်ငံပေါင်း ၃၂နိုင်ငံအထိရောက်နေပြီလို့ပြောပါတယ်။ ပညာရှင်တွေကတော့ ဒယ်လ်တာပလပ်စ်ဟာ ပိုအန္တရာယ်ရှိမရှိ ဆိုတာ သေသေချာချာ သိပ်မသိကြသေးပါဘူးလို့ပြောကြပါတယ်။
 
လမ်ဒါ မျိုးဗီဇကွဲဟာ ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုအသစ်တစ်ခုအဖြစ် အာရုံစိုက်ခံထားရပါတယ်။ ဒါပေမယ့် ဒီကိုရိုနာဗိုင်းရပ်စ် ဗားရှင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပီရူးမှာ စတွေ့ခဲ့ကြရတာပါ။ သူက မှေးမှိန်သွားနိုင်ကောင်း သွားနိုင်တယ်လို့တော့ ကူးစက်ရောဂါပညာရှင်တော်တော်များများက ရိုက်တာသတင်းဌာနကိုပြောကြပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လမ်ဒါကို စိတ်ဝင်စားစရာ မျိုးဗီဇကွဲ variant of interest အဆင့် သတ်မှတ်ထားပါတယ်။ ဆိုလိုတာကတော့ သူဟာ ကူးစက်နိုင်စွမ်းကို အပြောင်းအလဲဖြစ်စေနိုင်၊ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါဖြစ်စေနိုင်တယ်လို့ သံသယဖြစ်စရာရှိတဲ့ သန္ဓေပြောင်းမှုကို သယ်ဆောင်လာနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဆက်လက် စစ်ဆေးသုတေသနပြုဆဲပါ။ ကာကွယ်ဆေးကထုတ်လုပ်ပေးတဲ့ ပဋိပစ္စည်းကို ခုခံတဲ့ သန္ဓေပြောင်းမှုသူ့မှာရှိတယ်လို့ ဓာတ်ခွဲခန်းလေ့လာမှုတွေက ပြသနေပါတယ်။
 
ဒါပေမယ့် လမ်ဒါကူးစက်မှုဟာ ကျဆင်းလာနေတယ်ဆိုတာကို GISAID လို့ခေါ်တဲ့ ကိုဗစ်မျိုးဗီဇကွဲတွေကို ခြေရာခံနေတဲ့ သတင်းအချက်အလက် အရင်းအမြစ်တစ်ခုကနေ သိရတယ်လို့ ကာလီဖိုးနီးယား၊လာဂျိုလာက မော်လီကျူးဆိုင်ရာဆေးပညာပါမောက္ခ ဒေါက်တာအဲရစ်တိုပိုလ်က ပြောပါတယ်။ ဒါဟာ အားလျော့ပျက်ပြယ်သွားမယ့် အရိပ်အယောင်ပဲဖြစ်ပါတယ်။
 
လမ်ဒါဟာ ကူးစက်နိုင်စွမ်းကို တိုးလာစေတဲ့ သဘော မရှိဘူး။ပြီးတော့ ကာကွယ်ဆေးကလည်း သူ့ကို ကောင်းကောင်းကိုင်ထားနိုင်မယ့်သဘောရှိပါတယ်လို့ လတ်တလော CDC က ခေါ်ယူတွေ့ဆုံခဲ့တဲ့ရောဂါဗေဒပညာရှင်တွေက ပြောကြတယ်လို့ အဲဒီဆွေးနွေးပွဲတက်ခဲ့တဲ့ Vanderbilt University Medical Center ရဲ့ ကူးစက်ရောဂါပညာရှင်
ဒေါက်တာဝီလျံရှက်ဖနာကပြောပါတယ်။
 
အဲဒီ B.1.621 ကို ဇန်နဝါရီမှာ ကိုလံဘီယာမှာ ပထမဆုံးတွေ့ရတာပါ။ အဲဒီမှာ အကြီးအကျယ်ကူးစက်ခဲ့ပေမယ့် အခုထက်ထိတော့ ဂရိအက္ခရာစာရင်းထဲ မဝင်သေးပါဘူး။
ရောဂါထိန်းချုပ်ကာကွယ်ရေး ဥရောပစင်တာကတော့ သူ့ကို variant of interest အဆင့်သတ်မှတ်ထားခဲ့ပါတယ်။ အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက B.1.621 ကို စုံစမ်းထောက်လှမ်းရမယ့် မျိုးဗီဇကွဲအဆင့် variant under investigation သတ်မှတ်ပေးထားပါတယ်။ သူဟာ အဓိကကျတဲ့ သန္ဓေပြောင်းများစွာ သယ်ဆောင်ထားပါတယ်။ E484K ၊N501Y နှင့် D614G တို့ဟာ ကူးစက်နိုင်စွမ်းကိုများစေပြီး ခုခံအားအကာအကွယ်ကိုကျဆင်းစေတာနှင့် ချိတ်ဆက်နေပါတယ်။
 
အခုထက်ထိတော့ ယူကေမှာ B.1.621 ကူးစက်မှု ဖြစ်ခဲ့ပုံရတာနှင့် အတည်ပြုနိုင်တာ ၃၇ ခုရှိနေပါတယ်လို့ လတ်တလောအစိုးရရဲ့ အစီရင်ခံစာ အရသိရပါတယ်။ ဖလော်ရီဒါမှာလည်း လူနာအချို့မှာ အဲဒီမျိုးဗီဇကွဲတွေ့ခဲ့ရပါတယ်။
 
ကာကွယ်ဆေးထိုးတဲ့ အမေရိကန်တွေ ပိုများမလာသ၍တော့ အမေရိကန်ပြည်ထောင်စုဟာ အခက်ပွေလိမ့်မယ်လို့ အိမ်ဖြူတော် ဆေးပညာ အကြံပေး ဒေါက်တာ အန်သိုနီဖော်ချီက သတိပေးခဲ့ပါတယ်။
 
ကာကွယ်ဆေးမထိုးရသေးတဲ့ အစိတ်အပိုင်းကကြီးနေရင် လူတွေကို ပိုပြီးပိုးဖြန့်နိုင်စေပြီး မျိုးဗီဇကွဲအသစ်တွေ သန္ဓေပြောင်းလာဖို့ အခွင့်အလမ်းပိုများလာ စေမယ်လို့ သူကပြောတာပါ။
 
အဲဒီအပြင် လူအနည်းအကျဉ်းသာ ကာကွယ်ဆေးထိုးနိုင်ကြတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း မျိုဗီဇကွဲတွေ ပေါ်လာနိုင်တယ်လို့ ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေ နိုင်ငံတကာကို အကြီးအကျယ်ဖြန့်ဝေပေးနေတာကို ထောက်ခံကြသူတွေက အလားတူသဘောပြောကြပါတယ်။
 
ဘယ်လိုဖြစ်စေ လက်ရှိကာကွယ်ဆေးတွေက ရောဂါပြင်းထန်လာစေမှုကို ပိတ်ဆို့ထားနိုင်ပေမယ့် ကူးစက်မှုကိုတော့ မဟန့်တားပေး နိုင်ကြတာဟာ အဓိကပြသနာတစ်ခုဖြစ်နေတယ်လို့ မေယိုဆေးခန်းရဲ့ ကာကွယ်ဆေးပညာရှင် ဒေါက်တာ ဂရက်ဂိုရီပိုလန်က ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုင်းရပ်စ်ဟာ နှာခေါင်းထဲမှာတင် ပွားနိုင်နေတုန်းဖြစ်တယ်။ ကာကွယ်ဆေးထိုးပြီးသူတွေအကြားမှာတောင် သေးငယ်တဲ့ အမှုန်အမွှား အစက်အပြောက်ကလေးတွေကနေတစ်ဆင့် ကူးစက်နိုင်နေနိုင်တုန်းဖြစ်ပါတယ်။
SARS-CoV-2 ကို အောင်နိုင်ဖို့ဆိုတာ ကူးစက်မှုကိုပါ ပိတ်ဆို့ပေးနိုင်တဲ့ ကာကွယ်ဆေးမျိုးဆက်သစ်တွေ လိုအပ်ကောင်း လိုအပ်လိမ့်မယ်လို့ သူကပြောပါတယ်။ အခုထက်ထိတော့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်တွေ ပေါ်ထွန်းလာနေတာ ကြောင့် ကမ္ဘာကြီးဟာ အားနည်းချိနဲ့နေတုန်းပဲလို့ ပိုလန်နှင့် အခြားပညာရှင်တွေက ပြောကြပါတယ်။
 
Source: Reuters- Explainer: Beyond Delta, scientists are watching new coronavirus variants