Published-8 August 2021
ဒယ်လ်တာ အပါအဝင် စိတ်ပူစရာ မျိုးဗီဇကွဲအဖြစ်သတ်မှတ်ထားတဲ့ ကိုဗစ်-၁၉ မျိုးဗီဇကွဲ(၄)ခုကို ပစ်မှတ်ထားတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ကာကွယ်ဆေးနှစ်မျိုးကို စင်္ကာပူမှာ လူတွေနှင့်စတင်စမ်းသပ် တော့မယ်လို့ စထရိတ်တိုင်းမ်သတင်းစာကရေးသားလိုက်ပါတယ်။
 
အစောပိုင်းဖြစ်တဲ့ အဲဒီစမ်းသပ်မှုကို စင်္ကာပူ ကျန်းမာရေးသိပ္ပံအဖွဲ့က ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
 
ကာကွယ်ဆေးနှစ်မျိုးဟာ ဘေးကင်းလုံခြုံမှုရှိမရှိနှင့် အယ်ဖာ၊ဘီတာ၊ဂမ်မာ နှင့် ဒယ်လ်တာ မျိုးဗီဇကွဲတွေအပေါ် ခုခံအား တုန့်ပြန်မှုရှိမရှိ အကဲဖြတ်မှာ ဖြစ်ပါတယ်။ အဲဒီအပြင် ကာကွယ်ဆေးထိုးပြီးသူတွေအတွက် အားဖြည့်ကာကွယ်ဆေးဖြစ်လာ နိုင်မလားဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ အဲဒီဆေးနှစ်မျိုးကို ဆေးဝါးကုမ္ပဏီ က Arcturus Therapeutics ဖန်တီးတာဖြစ်ပါတယ်။
 
အဲဒီလူသားနှင့်စမ်းသပ်မှုတွေပြုလုပ်ဖို့ ဆေးထိုးခံကြမယ့် အသက်၂၁နှစ်ကနေ ၆၅နှစ်ကြား ကျန်းမာသန်စွမ်းတဲ့ အမျိုးသား အမျိုးသမီး စေတနာ့ ဝန်ထမ်းတွေကို ရှာဖွေနေပါတယ်။
တွဲဖက်ပါမောက္ခ ဂျင်နီလောင်း ဦးဆောင်တဲ့ SingHealth ရဲ့ ဆေးပညာစုံစမ်းထောက်လှမ်းရေးဌာနခွဲ ကနေ ဆေးထိုးပေးမှာဖြစ်ပါတယ်။
 
“ ကာကွယ်ဆေးနှစ်မျိုးဖြစ်တဲ့ ARCT-154 နှင့် ARCT-165 ကို မူရင်း ARCT-021 နှင့် အတူစမ်းသပ်မှာဖြစ်ပါတယ်။ ပြီးတော့မှ ဒီကာကွယ်ဆေးသုံးမျိုးရဲ့ ဘေးကင်းစိတ်ချရမှုနှင့် ပဋိပစ္စည်းကာကွယ်မှုတွေကို နှိုင်းယှဉ်မှာပါ” လို့ ပါမောက္ခ”လောင်း”က ပြောပါတယ်။
 
ACRT-021 ကာကွယ်ဆေးကို ယခင်က Lunar-Covid-19 ကာကွယ်ဆေးအဖြစ် သိထားကြပါတယ်။
 
အဲဒီကာကွယ်ဆေးဟာ ဒီနှစ်စမ်းပိုင်းမှာ စမ်းသပ်မှုအဆင့်(၂) ကိုရောက်ရှိနေပါပြီ။ အဲဒီဆေးကို Duke-NUS နှင့် Arcturus Therapeutics တို့ ပူးပေါင်းဖော်ထုတ်ကြတာဖြစ်ပြီး မူရင်း ကိုဗစ် ဗိုင်းရပ်စ်ကို ပစ်မှတ်ထားထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
 
ACRT-021 ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးကြီးစိုးလာနေတဲ့ စပိုက်ပရိုတိန်း D614G ကိုပစ်မှတ်ထားပြီး ARCT-165 ကာကွယ်ဆေးကတော့ ပိုပြီးကျယ်ပြန့်တဲ့ သန္ဓေပြောင်းလဲမှုတွေကို ပစ်မှတ်ထားပါတယ်လို့ ပါမောက္ခက ပြောပါတယ်။
 
ACRT-154 နှင့် ACRT 165 တို့နှစ်မျိုးစလုံးဟာ လူသားမဟုတ်တဲ့သက်ရှိတွေနှင့် စမ်းသပ်မှုတွေမှာ မျိုးဗီဇကွဲလေးမျိုးစလုံးအပေါ် ပဋိပစ္စည်းတုန့်ပြန်မှု ကောင်းမွန်တယ်လို့ Arcturus Therapeutics ကုမ္ပဏီက ဩဂုတ် ၃ရက်က ပြောပါတယ်။
 
ACRT-154 ရဲ့ စမ်းသပ်မှုအဆင့်သုံးခုစလုံးကိုလု့ပ်ဆောင်ဖို့ ဗီယက်နမ်က အတည်ပြုထားပြီးပါပြီလို့သိရပါတယ်။
 
Source: TST