Published-8 August 2021
သောကြာနေ့နှောင်းပိုင်းက တိုကျိုရထားတစ်စီးပေါ်မှာ လူတစ်ယောက်က ဓားနှင့် တိုက်ခိုက်တဲ့အတွက် လူ၁၀ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်သူဟာ ပျော်ရွှင်နေပုံရတဲ့ အမျိုးသမီးတွေကို မြင်ရင် ဒေါသထွက်လာပြီး သတ်ချင်လာတာဖြစ်တယ်လို့ ရဲအရာရှိတွေကပြောကြောင်း ဂျပန်တိုင်းမ် သတင်းစာကရေးသားပါတယ်။
 
အသက်၃၆နှစ်အရွယ်ယူဆူကီဆူရှီးမားကို ရပ်ကွက်စတိုးဆိုင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အသက်၂၀ဝန်းကျင် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ဓားနှင့် ခုတ်ခံရပြီးနောက် သူ့ကို လူသတ်ရန်ကြံစည်မှုနှင့် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အဲဒီကျောင်းသူဟာ ပြင်းထန်တဲ့ဒဏ်ရာ ရရှိသွားပါတယ်။ နောက်ကျောနှင့် ရင်ဘတ်တို့မှာ ဒဏ်ရာ ရရှိခဲ့တာပါ။ နောက်ထပ် အမျိုးသမီးလေးဦးနှင့် အမျိုးသားငါးဦးလည်း အတိုက်ခိုက်ခံရလို့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က အစပိုင်းမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၈ဦး ရထားပေါ်က တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် နောက်ပိုင်းမှာ ရှင်ဂျုကူပတ် ရထားတစ်စီးပေါ်က ခရီးသည်၁၀ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ထပ်ပြောပါတယ်။
 
“ လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ပျော်နေပုံရတဲ့ အမျိုးမီးတွေကို ကျွန်တော် သတ်ချင်နေခဲ့တာ။ ဘယ်သူဖြစ်ဖြစ်” လို့ ဆူရှီးမားက ရဲတွေကို ပြောခဲ့ပါတယ်။
 
ရထားပေါ်မှာပြေးစရာမရှိလို့ လူတွေအများကြီး သတ်နိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်လို့ သူကပြောကြောင်း ရဲတွေက ပြန်ပြောပြပါတယ်။
 
ဆူရှီးမားဟာ စာဖိုးမှုးကိုင်ဓားတစ်ချောင်း၊ ကပ်ကြေးတွေ၊စားသုံးဆီနှင့် မီးခြစ်တစ်လုံးတို့နှင့် အတူ အိုဒါကူးရထားပေါ် တက်ခဲ့ပါတယ်။ အဲဒီနောက် သူက နိုဘိုရီတို ဘူတာရုံမှာ အမြန်ရထားပြောင်းစီးခဲ့ပြီး တက္ကသိုလ်ကျောင်းသူတစ်ဦးနှင့် အခြားသူတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူက အခြာတွဲတစ်တွဲကို မကူးခင် ကြမ်းပြင်ပေါ်မှာ စားသုံးဆီတွေ လောင်းပြီး မီးရှို့ဖို့ကြိုးစားခဲ့ပါသေးတယ်။
 
အဲဒီအချိန်မှာ ခရီးသည်တွေရာပေါင်းများစွာ ရထားပေါ်မှာရှိနေကြပါတယ်။ ရထားတွဲတွေဆီက ကျယ်လောင်တဲ့အသံတွေ ကြားရပြီးတဲ့နောက် ရထားမောင်းက ရထားကိုရပ်တန့်ခဲ့ပါတယ်။
 
ည၈နာရီခွဲခန့်မှာ တိုက်ခိုက်မှုဖြစ်ပြီးနောက် တွဲ၁၀တွဲပါ ရထားဟာ တိုကျိုရဲ့ ဆာတာဂါယာရပ်ကွက်ကို ဝင်လာတဲ့အချိန် ဆူရှီးမားဟာ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီည ညည့်နက်ပိုင်းမှာ ရဲတွေက သူ့ကို ဆူဂီနာမီရပ်ကွက် စတိုးဆိုင်တစ်ဆိုင်မှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
 
“ သတင်းတွေထဲက ဖြစ်ရပ်ရဲ့ သံသယတရားခံဟာ ကျွန်တော်ပါ။ ပြေးရတာမောနေပြီ” လို့ သူက စတိုးဆိုင်ထဲမှာ ပြော အပြီးမှာ အလုပ်သမားက ရဲကိုဖုန်းဆက်ခေါ်လိုက်တာဖြစ်ပါတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သူဟာ လက်နက်နှင့်မိုဘိုင်းလ်ဖုန်းကို ရထားပေါ်မှာ ထားခဲ့ပုံရတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။
 
အဲဒီတရားခံ မြင်ကွင်းက ပျောက်သွားတာနှင့် ရထားဝန်ထမ်းတွေက ခရီးသည်တွေကို အနီးက ဘူတာရုံကို ရထားလမ်း တစ်လျောက် လိုက်ပို့ပေးပါတယ်။
“ အဝတ်အစားတွေမှာ သွေးတွေနှင့် လူတွေအများကြီး ရုတ်ရုတ်သည်းသည်း ပြေးလွှားနေကြတယ်” လို့ အသက် ၁၉နှစ် အရွယ်မျက်မြင်သက်သေ တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောပါတယ်။
 
အဲဒီအဖြစ်အပျက်ကြောင့် တိုကျို ရှင်ဂျူကူဘူတာရု့နှင့် ကာဝါဆာကီ မူကိုဂါအိုကာယုအင် ဘူတာရုံအကြား ရထားပြေးဆွဲမှု ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။
အကြမ်းဖက်မှုခင်းတွေက ဂျပန်မှာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမယ့် ရုတ်တရက် ဓားနှင့်တိုက်ခိုက်တာမျိုးတွေတော့ ရှိခဲ့ပါတယ်။
 
၂၀၀၈ခုနှစ် ဇွန်လတုန်းက နာမည်ကြီး အကီဟာဘာရာ အရပ်က လူအုပ်စုထဲ ကို လူတစ်ယောက်က အပေါ့စားထရပ်ကားတစ်စီးကို မောင်းဝင်ပြီး ကားပေါ်က ခုန်ထွက်၊အဲဒီနောက်လမ်းသွားလမ်းလာတွေကို ဓားနှင့်လိုက်ခုတ်လို့ လူ(၇)ဦးသေဆုံးခဲ့ရပါတယ်။
Source: Japan Times