#WorldMilitary
Published - 30 March 2022
ယူကရိန်း-ရုရှားအရေးကိစ္စအကြောင်းညှိနှိုင်းဆွေးနွေးကြရာမှာ ယူကရိန်းမြို့တော်ကိဗ်နဲ့ နောက်ထပ်မြို့ ကြီးတစ်မြို့ မှာ စစ်ရေးတိုက်ခိုက်မှုများကို လျှော့ချသွားဖို့ ရုရှားတို့ ကတိပေးချက်ကို ယူကရိန်းကယုံစားနေမှာမဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ရုရှားတို့ က ယူကရိန်းနိုင်ငံရဲ့အခြားအစိတ်အပိုင်းနေရာတွေမှာ အင်အားတိုးချဲ့လာနိုင်တယ်လို့ အနောက်နိုင်ငံတွေက ခန့်မှန်းထားကြပါတယ်။

ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်ပြီး တစ်လကျော်ကြာတဲ့အချိန်မှာ အစ္စတန်ဘူလ်နန်းတော်၌ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်နိုင်ငံအပေါ် အကြီးမားဆုံးတိုက်ခိုက်မှုကြီးပြုလုပ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရ/သေဆုံးသူ ထောင်ဂဏန်းအထိရှိလာကာ လူပေါင်း ၄ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

အနောက်နိုင်ငံတွေက ရုရှားစီးပွားရေးကိုဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီး အထိနာအောင်ပြုလုပ်ခဲ့ပါတယ်။ စစ်မြေပြင်တွေမှာ ယူကရိန်းတပ်ဖွဲ့ တွေကြံ့ကြံ့ခံခုခံထားတာကြောင့် ရုရှားတို့ ဆက်လက်မကျူးကျော်နိုင်ဘဲဖြစ်နေပါတယ်။

အဝိုင်းခံထားရတဲ့မြို့တွေထဲမှာ ပိတ်မိနေတဲ့အရပ်သားတွေရှိနေတဲ့ကြားထဲက ယူကရိန်းတပ်ဖွဲ့တွေဟာ အချို့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

"သဘောတူညှိနှိုင်းရေးပြုလုပ်ဖို့ လိုအပ်ချက်တွေဖြည့်ဆည်းပြီး အပြန်အလှန်ယုံကြည်မှုရယူဖို့ အတွက် ကိဗ်နဲ့ချာနိုင်ဟစ်ဗ်မြို့ တွေမှာ စစ်ရေးတိုက်ခိုက်မှုတွေလျှော့ချဖို့ အဓိကဆုံးဖြတ်ခဲ့ကြပါတယ်" လို့ ရုရှားဒုကာကွယ်ရေးဝန်ကြီး'အလက်ဇန်ဒါဖိုမင်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အပစ်အခတ်အများဆုံးဖြစ်နေကြတဲ့ အရှေ့တောင်ဘက်ရှိ မာရီယူပိုလ်၊ အရှေ့ဘက်ရှိ ဆူမီနဲ့ ခါကစ်ဗ်၊ တောင်ဘက်ရှိ ခါဆန်နဲ့ မစ်ကိုလေ့ဗ်မြို့ များကိုတော့ ထည့်သွင်းဖော်ပြသွားခြင်းမရှိပါဘူး။

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က အင်္ဂါနေ့ကတုန့်ပြန်ပြောကြားရာမှာ "ယူကရိန်းလူမျိုးတွေက တုံးအတဲ့သူတွေမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ဒွန်ဘတ်စ်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ အခု ၃၄ ရက်တာကျူးကျော်ခံရတဲ့ဖြစ်စဉ်တွေကနေ အတွေ့အကြုံရလိုက်ပါပြီ။ လက်တွေ့အခိုင်အမာပြနိုင်တဲ့ရလာဒ်တွေကိုပဲ ယုံကြည်သွားကြမှာပါ" လို့ ဆိုပါတယ်။

ကိဗ်မြို့တော်နားတဝိုက်မှာ ရုရှားတပ်ဖွဲ့ အနည်းငယ်မျှ ရွှေ့ပြောင်းသွားကြပေမယ့် ဒါဟာ တပ်ဆုတ်တာမျိုးမဟုတ်ဘဲ တပ်ဖွဲ့ နေရာပြန်ချခြင်းသဘောဖြစ်ကြောင်း ပန်တဂွန်ကပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့အခြားနေရာဒေသတွေကို အဓိကတိုက်ခိုက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း၊ ယူကရိန်းကအန္တရာယ်ကြားက မလွတ်မြောက်သေးကြောင်း ပန်တဂွန်မှပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က စာနယ်ဇင်းရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ရရှိလာတဲ့ထောက်လှမ်းရေးအချက်အလက်များကို သုံးသပ်ကာ ရုရှားတို့ က ယူကရိန်းမြောက်ဘက်ကနေ အရှေ့ဘက်ရှိ ဒိုနက်စ်နဲ့လူဟန့်စ်ဒေသတွေကို စစ်အင်အားရွှေ့ပြောင်းလာနိုင်ကြောင်း အသိပေးခဲ့ပါတယ်။

ရုရှားတို့ စစ်ရေးတိုက်ခိုက်မှုလျှော့ချဖို့ ကတိပေးခဲ့တဲ့နယ်မြေအများစုက သူတို့ စစ်ရှုံးနေတဲ့နေရာတွေသာဖြစ်ကြောင်း သုံးသပ်လေ့လာထားကြပါတယ်။ ပိုလန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ တွေက ယူကရိန်းတပ်တွေနဲ့ချိတ်ဆက်လျက်ရှိပြီး စစ်လက်နက်များနဲ့ F-18 လေယာဉ် ၁၀ စင်း ပေးအပ်ခဲ့တဲ့အပြင် ရုရှားနိုင်ငံနားရှိ နေတိုး(NATO)အဖွဲ့ ဝင်နိုင်ငံလစ်သူရေးနီးယားကို တပ်အင်အား ၂၀၀ ကျော်နေရာချထားခဲ့ကြောင်း 'ကာဘီ'က ပြောပြသွားပါတယ်။
Source: Reuters