#WorldHealth
Published - 30 March 2022
ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူနေရတဲ့လူနာများ ဖြင့် ဖိုင်ဇာမှထုတ်လုပ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေးရဲ့ထိရောက်မှုကို ဗြိတိန်မှာလေ့လာဆန်းစစ်သွားမှာဖြစ်ကြောင်း သိပ္ပံပညာရှင်တွေကတနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ဖိုင်ဇာရဲ့ကိုဗစ်ကုသဆေးပက်ဇ်လိုဗစ်(Paxlovid)ကို အသိအမှတ်ပြုထားပြီဖြစ်ပြီး နိုင်ငံတဝန်းရှိဆေးရုံတွေမှာ စမ်းသပ်လေ့လာသွားမှာဖြစ်ပါတယ်။

"ပက်ဇ်လိုဗစ်ဆေးက ဗိုင်းရပ်စ်ချေဖျက်နိုင်တဲ့သောက်ဆေးကောင်းတစ်လက်ပါ။ ဒါပေမဲ့ ကိုဗစ်ရောဂါပြင်းထန်တဲ့သူတွေမှာ အသက်ရှင်သန်နိုင်ချေများအောင်လုပ်ပေးနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး" လို့ အောက်စ်ဖိုဒ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ပီတာဟော်ဘီ'က ပြောကြားလိုက်ပါတယ်။

စမ်းသပ်ခြင်းရည်ရွယ်ချက်က ဖိုင်ဇာပက်ဇ်လိုဗစ်ဆေးဟာ ဆေးရုံတက်ကုသခံယူနေရတဲ့ ကိုဗစ်လူနာတွေမှာ အသက်သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လားဆိုတာကို အဓိကထားရည်ရွယ်ထားပါတယ်။

ယခုနှစ်အစောပိုင်းကလည်း Merck ကုမ္ပဏီရဲ့ ကိုဗစ်ကုသရေးသောက်ဆေးကိုလည်း ဆေးရုံတက်ရောက်ကုသခံနေရတဲ့လူနာတွေမှာ စမ်းသပ်ခဲ့ပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှပြုလုပ်မယ့် ဒီစမ်းသပ်မှုဟာ ပက်ဇ်လိုဗစ်ဆေးဝါးအနေနဲ့ ဆေးရုံတက်ရောက်ရတဲ့အချိန်ကာလကို လျှော့ချနိုင်မလားဆိုတဲ့အချက်နဲ့ အသက်ရှူကိရိယာလိုအပ်မှုကို လျှော့ချနိုင်မလားဆိုတဲ့အချက်တွေကိုလည်း လေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။

ပက်ဇ်လိုဗစ်ဆေးဟာ protease inhibitors အမျိုးအစားဖြစ်ပြီး HIV ၊ အသည်းရောင်အသားဝါ-စီနဲ့ အခြားဗိုင်းရပ်စ်ရောဂါတွေကို ကုသရာမှာအသုံးပြုတဲ့အမျိုးအစားဖြစ်ကာ ဗိုင်းရပ်စ်တွေထပ်မံပျံ့ပွားမလာအောင် တားဆီးပေးတာဖြစ်ပါတယ်။

ယခုနှစ်အတွင်း ပက်ဇ်လိုဗစ်ဆေးဝါးကနေ ဒေါ်လာ ၂၀ ဘီလီယံကျော်ရောင်းချရနိုင်ဖို့ ဖိုင်ဇာကမျှော်လင့်ထားပါတယ်။

၂၀၂၀ ခုနှစ်တုန်းက စတီးရွိုက်တစ်မျိုးဖြစ်တဲ့ ဒက်ဆာမက်သဇုန်း(dexamethasone)က ကပ်ရောဂါကာလအတွင်း လူနာတွေကိုကယ်တင်ခဲ့နိုင်ကြောင်း၊ အဆစ်အမြစ်ရောင်ကုသဆေး tocilizumab နဲ့ ပဋိပစ္စည်းရောစပ်ဆေး Ronapreve တိုဟာလည်း ရောဂါကုသရာမှာ ထိရောက်မှုရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဖော်ပြခဲ့ပါတယ်။
Source: Reuters