#WorldPolitics
Published - 24 March 2022


ရုရှားနဲ့ဆက်ဆံရေးမနီးစပ်တဲ့နိုင်ငံတွေအနေနဲ့ ရုရှားမှဓာတ်ငွေ့ဝယ်ယူရာမှာ ရူဘယ်လ်ငွေဖြင့်ပေးချေဖို့အလိုရှိကြောင်း သမ္မတ'ဗလာဒီမီယာပူတင်'က ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားချက်ကြောင့် စွမ်းအင်သုံးစွဲရရှိရေးပိုမိုကျပ်တည်းလာနိုင်ပြီး ဥရောပ ဓာတ်ငွေ့ဈေးနှုန်း အလွန်မတန်မြင့်တက်လာမှာကို စိုးရိမ်နေရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းကိုရုရှားတို့ စတင်ကျူးကျော်ကတည်းက ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ က ရုရှားအပေါ်ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဥရောပက စွမ်းအင်ထုတ်လုပ်သုံးစွဲရေးအတွက် ရုရှားထုတ်ဓာတ်ငွေ့တွေကို အလွန်အမင်းမှီခိုအားထားနေရပြီး ရုရှားစွမ်းအင်ကဏ္ဍကိုလည်း ဒဏ်ခတ်ပိတ်ဆို့ သင့်လားဆိုတာကိုတော့ ဥရောပသမဂ္ဂမှ ဝေခွဲမရဖြစ်နေပါတယ်။

ရုရှားဓာတ်ငွေ့ဝယ်ယူချင်ရင် ရူဘယ်လ်ငွေနဲ့ပဲ ပေးချေရပါမယ်လို့ 'ပူတင်'ကပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တာပါ။ လက်ရှိစာချုပ်တွေအရ ယူရိုငွေနဲ့ပေးချေဖို့ သဘောတူထားပေမယ့် ထိုအချက်အလက်တွေကို ရုရှားတို့ ကတဖက်သက်ပြောင်းလဲခွင့်ရှိ/မရှိဆိုတာကတော့ မသေချာသေးပါဘူး။

အခုလိုကြေညာလိုက်ပြီးနောက် ရူဘယ်လ်ငွေကြေးတန်ဖိုးမှာ ဒေါ်လာငွေ ၉၅ ဒေါ်လာမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့ ဒေါ်လာငွေ ၁၀၀ အောက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၉၇.၇ ဒေါ်လာနဲ့အပြီးသတ်ခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း ၂၂ ရာခိုင်နှုန်းကျော်အထိ တန်ဖိုးကျဆင်းသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ဥရောပအချို့မှ ဓာတ်ငွေ့လက်ကားရောင်းဈေးဟာ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဗြိတိန်နဲ့နယ်သာလန်တို့ မှ ဓာတ်ငွေ့လက်ကားရောင်းဈေးတွေ ခုန်တက်လာခဲ့ပါတယ်။

ဥရောပနိုင်ငံတွေရဲ့ ဓာတ်ငွေ့သုံးစွဲမှု ၄၀ ရာခိုင်နှုန်းလောက်က ရုရှားဓာတ်ငွေ့တွေဖြစ်ပါတယ်။ ယခုနှစ်အတွင်း ရုရှားမှတင်ပို့ လာတဲ့ဓာတ်ငွေ့ဈေးနှုန်းဟာ ဥရောပမှာ တစ်နေ့အတွင်း ယူရိုသန်း ၂၀၀ မှ သန်း ၈၀၀ ကြားအတက်အကျရှိနေခဲ့ပါတယ်။

"စာချုပ်ပါအချက်အလက်တွေအတိုင်း ပုံသေဈေးနှုန်းပုံသေပမာဏအတိုင်း သဘာဝဓာတ်ငွေ့များဆက်လက်ထောက်ပံ့သွားမှာပါ။ ပေးချေရမယ့်ငွေကြေးသာ ပြောင်းလဲမှာဖြစ်ပြီး ရုရှားငွေကြေးရူဘယ်လ်ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်" လို့ အစိုးရဝန်ကြီးများအွန်လိုင်းအစည်းအဝေးပွဲမှာ 'ပူတင်'ကပြောကြားခဲ့ပါတယ်။

ရုရှားဓာတ်ငွေ့တွေကို အခြားနိုင်ငံမှဝယ်ယူသူတွေရှိလာတာကြောင့် 'ပူတင်'က စာချုပ်ပါအချက်အလက်တွေကို ချိုးဖောက်ချင်နေတာဖြစ်ကြောင်း ဂျာမနီစီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘက်'က တုန့်ပြန်လိုက်ပါတယ်။

ပိုလန်အစိုးရအရာရှိတစ်ဦးက "လက်ရှိစာချုပ်ပါ ငွေပေးချေမှုပုံစုံကိုပြောင်းလဲတာက သဘောတူညီမှုချိုးဖောက်ရာကျပါတယ်။ ယခုနှစ်ကုန် Gazprom ဓာတ်ငွေ့ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ နောက်ထပ်စာချုပ်အသစ်ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။

နယ်သာလန်ဓာတ်ငွေ့ဖြန့်ဖြူးရေး Eneco က သူတို့ ဝယ်ယူတဲ့ဓာတ်ငွေ့ ၁၅ ရာခိုင်နှုန်းခန့်ကို ရုရှားဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီကြီး Gazprom မှ ဝယ်ယူထားတာဖြစ်ပြီး ယူရိုငွေနဲ့ပေးချေဖို့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပါတယ်။

Gazprom ကုမ္ပဏီက ဥရောပကို သူတို့ ရဲ့ဓာတ်ငွေ့ရောင်းချရာမှာ ရောင်းချမှု ၅၈ ရာခိုင်နှုန်းကို ယူရိုငွေ၊ ၃၉ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ၊ ၃ ရာခိုင်နှုန်းကို စတာလင်ပေါင်ဖြင့် ရောင်းချပေးနေခဲ့ပါတယ်။

"ပြဿနာအခက်အခဲတွေကြားထဲ ဖြစ်ပေါ်လာနိုင်တာတွေအားလုံးကို မျှော်လင့်ထားပါတယ်။ လက်ရှိစာချုပ်တွေအရ ငွေကြေးပြောင်းလဲပေးချေဖို့က သိပ်ပြဿနာမရှိပါဘူး" လို့ ဘူလ်ဂေရီးယားနိုင်ငံမှ စွမ်းအင်ဝန်ကြီး'အလက်ဇန်ဒါနီကိုလော့ဗ်'က ဆိုဖီယာမြို့ မှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ရူဘယ်လ်ငွေကြေးလိုအပ်လာနိုင်တဲ့ ဥရောပမှဝယ်သူများနဲ့ဘဏ်များအတွက် ရုရှားဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
Source: Reuters