Published 20 March 2022

သီရိလင်္ကာနိုင်ငံမှာ သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေအတွက် ပုံနှိပ်စက္ကူတွေ မလုံလောက်လို့  စာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ သီရိလင်္ကာအနေနှင့် စက္ကူတွေ တင်သွင်းဖို့ နိုင်ငံခြားငွေ မလုံမလောက်ဖြစ်နေတာကြောင့် ယခုလို စာမေးပွဲတွေ ရက်ရွှေ့လိုက်ရတာဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။

၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းဖြစ်လာနေတဲ့ သီရိလင်္ကာမှာ စက္ကူပြတ်တောက်မှုအကြီးအကျယ်ဖြစ်နေတဲ့အတွက် လာမယ့်တနင်္လာနေ့ကစပြီး တစ်ပတ်ကြာကျင်းပမယ့် အစမ်းစာမေးပွဲတွေကို သေချာပေါက် ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ပညာရေးအာဏာပိုင်တွေက ပြောပါတယ်။

“ လိုအပ်တဲ့ စက္ကူတွေနှင့် မင်တွေကို တင်သွင်းဖို့ နိုင်ငံခြားငွေ မရရှိတဲ့အတွက် ကျောင်းအုပ်တွေဟာ စာမေးပွဲတွေ စစ်ဆေးမပေးနိုင်ပါဘူး” လို့ အနောက်ပိုင်းပြည်နယ် ပညာရေးဌာနက ပြောပါတယ်။

အဲဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူ ၄.၅သန်း ရဲ့ သုံးပုံနှစ်ပုံခန့် စာမေးပွဲမဖြေရပဲရှိနိုင်တယ်လို့လည်း အရာရှိတွေကပြောပါတယ်။

အစမ်းစာမေးပွဲတွေဟာ စာသင်နှစ်ကုန်တဲ့အချိန်မှာ ကျောင်းသူကျောင်းသားတွေ နောက်နှစ် အတန်းတက်နိုင်ဖို့ ဆုံးဖြတ်နိုင်အောင် စဉ်ဆက်မပြတ်အကဲဖြတ်တဲ့ စာမေးပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

စီးပွားရေးအကျပ်အတည်းကြောင့် အရန်နိုင်ငံခြားငွေမလုံလောက်မှုဖြစ်ကာ  မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် အခက်တွေ့နေတာပါ။ သီရိလင်္ကာမှာ အစားအစာ၊လောင်စာဆီနှင့် ဆေးဝါးတွေ နည်းပါးမှုနှင့်လည်းကြုံနေရပါတယ်။

လူဦးရေ၂၂သန်းရှိတဲ့ တောင်အာရှနိုင်ငံဖြစ်တဲ့ သီရိလင်္ကာက ယင်းရဲ့ နိုင်ငံခြားကြွေးမြီအကျပ်အတည်းကိုဖြေရှင်းပေးဖို့နှင့် ပြည်ပအရန်ငွေကြေးဖြည့်တင်းပေးဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက အကူအညီရယူမယ်လို့ဒီတစ်ပတ်ထဲမှာ ကြေညာထားပါတယ်။

သမ္မတ ဂိုတာဘာရာ ရာဂျာပါဆာရဲ့ မထင်မှတ်ထားတဲ့ အကူအညီတောင်းခံမှုကို စဉ်းစားနေတယ်လို့  IMF က သောကြာနေ့က အတည်ပြုပြောဆိုပါတယ်။

ဒီနှစ်အတွင်းမှာ သီရိလင်္ကာဟာ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၆.၉ ဘီလျံပေးဆပ်ဖို့ရှိနေပြီး အရန်နိုင်ငံခြားငွေက လည်း ဖေဖော်ဝါရီလကုန်အထိ ဒေါ်လာ ၂.၃ ဘီလျံပဲကျန်ရှိနေပါတယ်။

နိုင်ငံအနှံ့မှာ ကုန်စုံနှင့် စားသုံးဆီတွေကို တန်းအရှည်ကြီးစီပြီးဝယ်ယူနေကြရပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုတွေနှင့် နို့မှုန့်၊သကြား၊ပဲနီကလေးနှင့်ဆန်တွေကို ခွဲတမ်းနှင့် ဝယ်ယူနေကြရပါတယ်။

သီရိလင်္ကာဟာ ယင်းရဲ့ အဓိက မြီရှင်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အကြွေးတွေဆိုင်းထားဖို့ အကူအညီ တောင်းထားပါတယ်။ ဒါပေမယ့် ယခုထက်ထိတော့ တရုတ်ဘက်က တရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

Source AFP