#WorldPolitics
Published - 15 March 2022


ရုရှားတို့ ယူကရိန်းအားကျူးကျော်ပြီးနောက် သူတို့ရဲ့နျူကလီးယားတပ်ဖွဲ့တွေကို အချက်ပေးတပ်လှန့်ထားကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'က မတ်လ(၁၄)ရက်နေ့က သတိပေးကြေညာလိုက်ပြီး ဒါဟာ အလွန်ထိတ်လန့်ဖွယ်အခြေအနေဖြစ်ကြောင်း မှတ်ချက်ပြုလိုက်ပါတယ်။

"နျူကလီးယားစစ်ပွဲတွေ ဘယ်တော့မှမဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့ကြပေမယ့် အခုတော့တကယ်ဖြစ်လာနိုင်ချေရှိပါတယ်" လို့ 'ဂူတာရက်စ်'က သတင်းထောက်တွေကိုပြောကြားခဲ့ပြီး မကျေနပ်ချက်ရန်ငြိုးတွေချက်ချင်းပြေငြိမ်းပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ(၂၄)ရက်နေ့ကစပြီး ယူကရိန်းအားရုရှားတို့ ကျူးကျော်ခဲ့ကြရာ ယူကရိန်းနိုင်ငံသား(၂.၈)သန်းကျော်ဟာ နယ်စပ်ကနေထွက်ပြေးနေကြရပြီး မလွတ်မြောက်ခဲ့တဲ့ သိန်းပေါင်းများစွာသောလူတွေဟာလည်း စစ်ဘေးဒဏ်ကျရောက်နေတဲ့မြို့တွေမှာ ပိတ်မိနေခဲ့ပါတယ်။

ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် အနောက်နိုင်ငံတွေက ရုရှားအပေါ်စီးပွားရေးအရေးယူပိတ်ဆို့ခြင်းများ ချမှတ်နေခဲ့ပါတယ်။ ရုရှားနျူးကလီးယားတပ်ဖွဲ့တွေကို အသိပေးတပ်လှန့်ထားဖို့လိုအပ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ပြီးခဲ့တဲ့လနှောင်းပိုင်းကပြောကြားခဲ့ရာ ရုရှားတို့ ယူကရိန်းကိုကျူးကျော်ခြင်းက နျူကလီးယားစစ်ပွဲဆီဦးတည်မှာလာကို စိုးရိမ်ပူပန်နေကြပါတယ်။

(၂၀)ရာစုနှစ်တွေမှာ အနောက်နိုင်ငံတွေက ဆိုဗီယက်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေကို ဆန့်ကျင်ခဲ့ကြကာ စစ်အေးကာလအပြီး ရုရှားနဲ့အမေရိကန်တို့ဟာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့များက ယူကရိန်းရှိ ဥရောပမှအကြီးမားဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကြီးကို တိုက်ခိုက်ခဲ့ရာ နျူကလီးယားစက်ရုံတွေ ဘေးကင်းလုံခြုံဖို့ ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်း 'ဂူတာရက်စ်'က မေတ္တာရပ်ခံလိုက်ပါတယ်။

"ယူကရိန်းပြည်သူတွေကို အကြောက်တရားတွေရိုက်သွင်းနေတာ ရပ်တန့်သင့်ပြီဖြစ်ပြီး သံတမန်နဲ့ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသင့်ပါပြီ" လို့ ဆိုပါတယ်။
ကုလသမဂ္ဂက အရေးပေါ်တုန့်ပြန်ရေးဗဟိုရန်ပုံငွေတွေထဲမှ အမေရိကန်ဒေါ်လာသန်း(၄၀)ကို ယူကရိန်းတို့ အတွက် လူသားချင်းစာနာထောက်ထားကူညီပေးဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။

"ဒီငွေတွေနဲ့ ယူကရိန်းပြည်သူတွေအတွက် အရေးပေါ် အစားအစာနဲ့ရေ၊ ဆေးဝါး၊ နိုင်ငံတွင်းရှိလူများအတွက် အသက်ကယ်ပစ္စည်းအထောက်အပံ့တွေအပြင် ငွေသားတွေပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်" လို့ 'ဂူတာရက်စ်'က ပြောကြားလိုက်ပါတယ်။

ရုရှားတိုရန်ပြုတိုက်ခိုက်နေခြင်းက ရုရှားအပါအဝင် အဖွဲ့ဝင် ၆၀ နီးပါးပါဝင်တဲ့ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OSCE)ကိုပါ ခြိမ်းခြောက်မှုတွေဖြစ်လာနိုင်ကြောင်း OSCE ဥက္ကဌ'ဇဘစ်နျူရောက်'က ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

OSCE ရဲ့ စည်းကမ်းကတိကဝတ်များကို မလိုက်နာခြင်းက အဖွဲ့အစည်းကြီးရဲ့အနာဂတ်အပြင် အခြေခံစည်းမျဉ်းမူဝါဒတည်ငြိမ်အေးချမ်းရေးကိုလည်း ခြိမ်းခြောက်ရာရောက်နေပါတယ်။

အင်အားကြီးနိုင်ငံတွေရဲ့ မမျှမတဆောင်ရွက်ခြင်းက ကိဗ်၊ ခါကိဗ်၊ မာရူပိုလ်မြို့တွေမှာ ပြာပုံတွေဖြစ်သွားခဲ့ပြီး အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရတယ်လို့ ပြောသွားခဲ့ပါတယ်။
Source: CNA