#WorldPolitics
Published - 11 March 2022
အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများချမှတ်ခဲ့ရာ ထိုကဲ့သို့အရေးယူပိတ်ဆို့မှုများကြောင့် အစားအစာကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်လာကာ အနောက်နိုင်ငံများအပေါ် တန်ပြန်သက်ရောက်လာမှာဖြစ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားတို့အနေနဲ့ ပြဿနာကိစ္စရပ်များကို ကိုယ်တိုင်ဖြေရှင်းပြီး ပိုမိုအင်အားကြီးထွားတဲ့နိုင်ငံဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။ယူကရိန်းကို အထူးစစ်ရေးဆောင်ရွက်ချက်များပြုလုပ်ခြင်းမှာလည်း အခြားရွေးချယ်စရာလမ်းမရှိကြောင်း၊ ခဏတာစီးပွားရေးပြေလည်မှုနှင့် နိုင်ငံရဲ့အချုပ်အခြာအာဏာကို အပေးအယူဘယ်တော့မှလုပ်မှာမဟုတ်ကြောင်း အခိုင်အမာပြောသွားပါတယ်။

"ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက ဘယ်လိုပဲဖြစ်ဖြစ်ချမှတ်လာကြမှာပါ။ အဲဒါကြောင့် ပြဿနာအခက်အခဲတွေ ရှိလာမှာပါပဲ။ ဒါပေမဲ့ အရင်ကဒီပြဿနာတွေကို ကျော်လွှားခဲ့ပြီဖြစ်ပြီး အခုလည်း ကျော်လွှားသွားဦးမှာပါ။ နောက်ဆုံးကျရင် ရုရှားက ကိုယ်ပိုင်အချုပ်အခြာအာဏာဖြင့် အမှီအခိုမရှိဘဲ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့နိုင်ငံဖြစ်လာမှာပါ" လို့ ရုရှားအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ရုရှားတပ်ဖွဲ့တွေ ယူကရိန်းစတင်ကျူးကျော်ပြီး ၂ ပတ်အကြာမှာ ရုရှားအစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းဗီဒီယိုကနေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားတို့ရဲ့ဘဏ်တွေ၊ စီးပွားလုပ်ငန်းတွေ၊ ရုရှားခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးအကြပ်အတည်းရှိလာပြီး ဒီပြဿနာတွေကိုကြံ့ကြံ့ခံနိုင်ဖို့ တိုက်တွန်းမှာကြားတဲ့သဘောဖြစ်ပါတယ်။

အမေရိကန်တို့က ရုရှားမှရေနံဝယ်ယူမှုကို ပိတ်ပင်ထားတဲ့အပြင် အရေးယူပိတ်ဆို့မှုတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာကြောင့် ရုရှားတို့ရဲ့စီးပွားရေးခက်ခဲလာပေမယ့် စာချုပ်ပါအချက်အလက်တာဝန်များအတိုင်း ဥရောပကိုရေနံများ ဆက်လက်တင်ပို့သွားမယ်လို့ ပူတင်ကဆိုပါတယ်။

ဥရောပရဲ့သဘာဝဓာတ်ငွေ့သုံးစွဲမှု ၃ ပုံ ၁ ပုံကို ရုရှားတို့က အဓိကထောက်ပံ့နေတာဖြစ်ပါတယ်။"အမေရိကန်ဈေးကွက်မှာ ရုရှားလောင်စာဆီတင်သွင်းခွင့်မပြုတော့ဘူးလို့ သူတို့ဘက်ကကြေညာထားပါတယ်။ ဈေးနှုန်းတွေတက်၊ ငွေကြေးဖောင်းပွမှုတွေ အလွန်မတန်စံချိန်တင်မြင့်မားလာပါပြီ။ သူတို့ပြုလုပ်တဲ့အမှားတွေရဲ့အကျိုးဆက်ကို ကျွန်တော်တို့အပေါ်အပြစ်တင်ဖို့ လုပ်နေကြတယ်။ ဒါကကျွန်တော်တို့နဲ့ ဘာမှမဆိုင်တော့ပါဘူး" လို့ 'ပူတင်'က ပြောကြားခဲ့ပါတယ်။

ရုရှားတို့ကလည်း အနောက်အုပ်စုအပေါ်တုန့်ပြန်ပိတ်ဆို့တဲ့အနေနဲ့ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ မော်တော်ယာဉ်၊ စိုက်ပျိုးရေးပစ္စည်း၊ အီလက်ထရွန်နစ်နဲ့နည်းပညာအပြင် အခြားပစ္စည်းတွေကို ၂၀၂၂ မကုန်ခင်အထိ တင်ပို့ခြင်းကိုပိတ်ပင်ထားကြောင်း ရုရှားအစိုးရအဖွဲ့က ကြေညာခဲ့ပါတယ်။

တင်ပို့ခြင်းပိတ်ပင်ထားတဲ့ပစ္စည်းများစာရင်းမှာ မီးရထားတွဲများ၊ ကွန်တိန်နာများ၊ တာဘိုင်များနဲ့ အခြားပစ္စည်းတွေပါဝင်ပြီး စုစုပေါင်းအားဖြင့် အမျိုးအစား ၂၀၀ ကျော်ခန့်ပါဝင်နေပါတယ်။

နိုင်ငံရပ်ခြားမှကုန်ပစ္စည်းတွေကို လူတွေအသုံးပြုချင်ကြတာကိုနားလည်ပေမယ့် စိတ်အေးအေးထားပြီး ဒီအခက်အခဲတွေကိုဖြေရှင်းသွားနိုင်မယ်လို့ 'ပူတင်'ကယုံကြည်နေပါတယ်။

ရုရှားတို့က စိုက်ပျိုးရေးဓာတ်မြေဩဇာတွေ အဓိကထုတ်လုပ်တဲ့နေရာဖြစ်တာကြောင့် ရုရှားကိုအခက်အခဲဖြစ်အောင်ပြုလုပ်ပါက ကမ္ဘာ့အစားအသောက်ဈေးကွက်မှာ ဆိုးကျိုးတွေမလွဲမသွေသက်ရောက်လာမှာဖြစ်ကြောင်း 'ပူတင်'ကမှတ်ချက်ပြုလိုက်ပါတယ်။

ရုရှားနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးက အစည်းအဝေးပွဲမှာအတည်ပြုလိုက်ပါတယ်။အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားတို့ရဲ့ ရွှေနဲ့နိုင်ငံခြားငွေထိန်းသိမ်းထားရှိမှုတို့ကို ရပ်ဆိုင်းသွားစေတာကြောင့် နိုင်ငံခြားကုန်သွယ်မှုတွေ ပြုလုပ်လို့မရတော့ပါဘူး။

ဒီလိုအခြေအနေတွေကိုဖြေရှင်းဖို့ ရုရှားကိုယ်ပိုင်ဘဏ္ဍာရေးစနစ်တည်ငြိမ်အောင် ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး'အန်တွန်ဆီလူအာနော့ဗ်'က အကြံပြုသွားပါတယ်။
Source: Reuters