#WorldHealth
Published - 10 March 2022
ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားခြင်းကြောင့် ဦးနှောက်ကျုံ့ခြင်းဖြစ်ပေါ်နိုင်ပြီး စိတ်ခံစားမှုနှင့်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းလျော့နည်းလာကာ အနံ့ခံအာရုံကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်အပိုင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဒီအကျိုးဆက်တွေကို ကိုဗစ်ရောဂါကူးစက်လို ဆေးရုံတက်ကုသခြင်းမခံရတဲ့သူတွေမှာပါ တွေ့မြင်နေရတာဖြစ်ပါတယ်။အဆိုပါထိခိုက်မှုတွေရဲ့အချို့တဝက်လောက်က ပြန်ကောင်းနိုင်ချေရှိလား ဒါမှမဟုတ် ရေရှည်အထိပါသက်ရောက်နေမှာလားဆိုတာကိုတော့ ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။

"ကိုဗစ်ရောဂါကူးစက်မှုဖြစ်စဉ်တွင် ဦးနှောက်ပိုင်းဆိုင်ရာမူမမှန်ခြင်းမျိုးတွေတွေ့ရှိရကြောင်း ခိုင်ခိုင်မာမာသိရှိထားပါတယ်" လို့ သုတေသနပညာရှင်တွေက မတ်လ ၇ ရက်နေ့မှာဖော်ပြခဲ့ပါတယ်။

အာရုံစူးစိုက်ခြင်းနဲ့ စီမံခန့်ခွဲခြင်းအစိတ်အပိုင်းများတွင် လုပ်ငန်းဆောင်ရွက်ချက်တွေ ပိုမိုဆိုးရွားလာခြင်းကို ကိုဗစ်အပျော့စားလက္ခဏာခံစားရသူတွေမှာတောင် တွေ့ရှိနေရပြီး ဦးနှောက်အရွယ်အစားက ၀.၂ ကနေ ၂ ရာခိုင်နှုန်းကြားအထိ ကျုံ့သွားခဲ့ပါတယ်။

အသက် ၅၁ မှ ၈၁ နှစ်အတွင်းရှိ လူပေါင်း ၇၈၅ ဦးရဲ့ဦးနှောက်တွေကို နှစ်ခါပြန်စကင်ရိုက်ကာ ဦးနှောက်အတွင်းပြောင်းလဲမှုများကို လေ့လာခဲ့ကြပါတယ်။ပထမအကြိမ်စကင်ရိုက်ပြီး ၁၄၁ ရက်အကြာမှာ ဒုတိယအကြိမ်စကင်ရိုက်ခဲ့တာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုပြုလုပ်ချိန်မှာ ဗြိတိန်နိုင်ငံအတွင်း အယ်လ်ဖာမျိုးဗီဇကွဲကူးစက်မှုလွှမ်းမိုးနေပြီး ဒယ်လ်တာမျိုးဗီဇကွဲကူးစက်သူမပါဝင်နိုင်ဘူးလို့ ခန့်မှန်းလို့ရပါတယ်။
အဆိုပါစမ်းသပ်ချက်များအရ ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့လူအချို့ဟာ ဦးနှောက်တုံ့ဆိုင်းဝေဝါးခြင်းခံစားနေရတာဖြစ်ပြီး အာရုံသိရှိမှု၊ အာရုံစူးစိုက်မှု၊ ဦးနှောက်ထဲသို့ သတင်းအချက်အလက်ပို့ဆောင်မှုနှုန်းနဲ့ မှတ်ဉာဏ်အပိုင်းတို့မှာ ချိုယွင်းချက်တွေရှိလာပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းက ဒီဆိုးကျိုးတွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်လားဆိုတာကို သုတေသီတွေမပြောပြသေးပါဘူး။ယူကေကျန်းမာရေးနဲ့လုံခြုံရေးအေဂျင်စီက ပြီးခဲ့တဲ့လကပြောကြားခဲ့ရာမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေက ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရနိုင်ချေမှာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေထက် တဝက်မျှသာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: The Straits Times