လန်ဒန်(ရိုက်တာ)-

ရောဂါလက္ခဏမပြသူတွေအပါအဝင် ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေဟာ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုအန္တရာယ်ကနေ ၅၀ရာခိုင်နှုန်းကနေ ၆၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ဩဂုတ်၄ရက်က အင်္ဂလန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်တဲ့ ကျယ်ပြန့်သောလေ့လာမှုတစ်ခုမှာတွေ့ရှိရတယ်လို့ ရိုက်တာကသတင်းရေးသားလိုက်ပါတယ်။

 ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးပြီးသူတွေဟာ ပေါ့စတစ်ဖြစ်နိုင်ချေ တစ်ဝက်ပဲရှိတယ်လို့ အင်ပီရီရယ်ကောလိပ်၊လန်ဒန်ရဲ့ သုတေသနပညာရှင်တွေကပြောတာဖြစ်ပါတယ်။ အသက်အရွယ်နှင့် စစ်ဆေးပြီးသူတွေ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသလား မရှိဘူးလား စတဲ့ အခြားအချက်အလက်တွေကိုလည်း ထည့်တွက်ရမယ်လို့ သူတို့ကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသတဲ့သူတွေဆိုရင် ကာကွယ်ဆေးရဲ့ထိရောက်မှုက ၅၉ရာခိုင်နှုန်းထိတက်သွားတယ်လို့ လေ့လာမှုအရသိရပါတယ်။

ကူးစက်မှုနှင့်ဆေးရုံတက်ရမှုဆက်နွယ်မှုကိုလည်း လေ့လာမှုမှာတွေ့ရှိခဲ့ရပါသေးတယ်။ ဒယ်လတာဟာ ကာကွယ်ဆေးအပြည့်မထိုးရသေးတဲ့ လူငယ်တွေအကြား ပျံ့နှံ့ကူးစက်တာတွေရှိပြီး ဆေးရုံတက်ရတာတွေများလာတာတွေ့ ရပါတယ်။ ကာကွယ်ဆေးတွေက ရောဂါပြင်းထန်တာကို ကာကွယ်ပေးနိုင်ပေမယ့် ဒယ်လ်တာကူးစက်ခံရသူတွေဟာ ဆေးရုံတက်ရမယ့်အန္တရာယ်ပိုမြင့်မားနေတယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။

ခြုံငုံပြောရရင် ကာကွယ်ဆေးမထိုးရသူတွေရဲ့ ပျံ့နှံမှုဟာ ၁.၂၁ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေရဲ့ပျံ့နှံမှု ၀.၄ ရာခိုင်နှုန်းထက်သုံးဆများနေတာ တွေ့ရတယ်လို့ သုတေသနပညာရှင်တွေကပြောကြပါတယ်။  အဲဒီအပြင် ကာကွယ်ဆေးထိုးပြီးသူတွေမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏဟာ မထိုးရသေးသူတွေထက် နည်းပါးနေတယ်လို့လည်းဆိုပါတယ်။

ဇွန်၂၄ကနေ ဇူလိုင်၁၂ရက်အထိ အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်အရ ဇူလိုင်၁၇မှာကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့ပြီး လူငယ်တွေအကြားကူးစက်မှုတွေက ကူးစက်သူအရေအတွက်ကို များပြားလာစေတာဖြစ်တယ်လို့ပြောပါတယ်။

ကူးစက်မှုအားလုံးရဲ့ ၅၀ရာခိုင်နှုန်းဟာ ၅နှစ်နှင့် ၂၄နှစ်အကြား အသက်အရွယ်အပိုင်းအခြားတွေဖြစ်တယ်။ အဲဒီအသက်အရွယ်ပိုင်းဟာ လူဦးရေရဲ့ ၂၅ရာခိုင်နှုန်းသာ ရှိတာဖြစ်ပါတယ်လို့ အင့်ပါရီယယ်ပါမောက္ခ စတီဖင်ရီလေးက ပြောပါတယ်။