#WorldPolitics
Published - 1 March 2022


နယူးယော့ခ်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာရုရှားဝန်ထမ်း ၁၂ ဦးအား အမေရိကန်တို့ကနှင်ထုတ်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ထိုသို့ နှင်ထုတ်လိုက်တဲ့အတွက် အမေရိကန်-ရုရှားသံတမန်ဆက်ဆံရေးကတော့ ပိုမိုဆိုးရွားလာမှာသေချာပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်'ဗာဆယ်လီနီဘန်ဇီယာ'က သူ့ကိုနှင်ထုတ်လိုက်ပြီဖြစ်ကြောင်းသိရှိပြီးနောက် တနင်္လာနေ့ကပဲ မီဒီယာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။

"ရုရှားသံတမန် ၁၂ ဦးကို မလိုအပ်တော့ဘူးလို့ ကြေညာလိုက်ပြီး မတ်လ ၇ ရက်နေ့မှာ နိုင်ငံမှထွက်ခွာသွားဖို့ အသိပေးထားတဲ့စာတစ်စောင်ကို အမေရိကန်တာဝန်ရှိသူတွေထံမှ ပေးပို့လာပါတယ်။ အမေရိကန်အာဏာပိုင်တွေက ကုလဆိုင်ရာရုရှားဝန်ထမ်းတွေကို နောက်ထပ်တစ်ခါမထီမဲ့မြင်ပြုလိုက်တာပါပဲ။ သူတို့ ထုတ်ပြန်ထားတဲ့ အိမ်ရှင်နိုင်ငံသဘောတူညီချက်ကတိကဝတ်တွေကို ပြင်းပြင်းထန်ထန်ချိုးဖောက်လိုက်တာပါ" လို့ 'နီဘန်ဇီယာ'က ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်မြို့ ရုရှားသံရုံးမှ ဒုတိယအဆင့်သံတမန်'ဆာဂျီထရီပယ်ကော့ဗ်'ကို အမေရိကန်မှနှင်ထုတ်ကြောင်း ကြေညာပြီးတစ်ပတ်မပြည့်ခင်မှာပဲ အခုလိုနောက်ထပ်ရုရှားဝန်ထမ်းတွေကို ထပ်မံနှင်ထုတ်လိုက်တာဖြစ်ပါတယ်။

ရုရှားသံတမန်တွေကိုနှင်ထုတ်ရခြင်းက မော်စကိုရှိ အမေရိကန်သံရုံးမှ လက်ထောက်ဦးစီးချုပ်အား ရုရှားတို့ကအကြောင်းမဲ့နှင်ထုတ်လိုက်ခြင်းကြောင့်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အကြောင်းပြလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကလည်း ရုရှားသံတမန် ၂၇ ဦးနဲ့သူတို့ မိသားစုတွေကို အမေရိကန်ကပြည်နှင်ထုတ်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့မှာ နိုင်ငံကထွက်ခွာဖို့ အသိပေးခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းက ရုရှားသံရုံးမှာ ဝန်ထမ်းပြတ်လတ်မှုကြုံတွေ့နေရကြောင်း အမေရိကန်မှရုရှားသံအမတ်'အန်နာတိုလီအန်တိုနော့ဗ်'က ပြောကြားခဲ့ပါတယ်။ထိုအချိန်များမတိုင်ခင် အမေရိကန်မှာအလုပ်လုပ်နေတဲ့ ရုရှားသံတမန်အယောက် ၂၀၀ နီးပါးခန့် ရှိခဲ့တာဖြစ်ပါတယ်။

'နီဘန်ဇီယာ'က သတင်းထောက်တွေကိုပြောကြားရာမှာ အမေရိကန်က အခုနောက်ဆုံးနှင်ထုတ်ခံရခြင်းက ဘာအကြောင်းပြချက်ကြောင့်လဲဆိုတာ မသိရှိထားကြောင်း၊ အသိပေးစာကိုလည်း သူကိုယ်တိုင်မဖတ်ကြည့်ရသေးကြောင်း၊ ထွက်ခွာဖို့ အမိန့်ပေးခံရတဲ့သံတမန်တွေက ဘယ်သူတွေလဲဆိုတာလည်း မသိရသေးကြောင်း ပြောဆိုသွားပါတယ်။

အခုနှင်ထုတ်ခံလိုက်ရတဲ့ ရုရှားဝန်ထမ်းတွေဟာ နိုင်ငံတော်လုံခြုံရေးကိုထိပါးစေသော သူလျှိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု ကုလဆိုင်ရာအမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နှင်ထုတ်ခြင်းတွေပြုလုပ်ဖို့ လပေါင်းများစွာစီစဉ်နေခဲ့တာဖြစ်ပြီး ရုရှား-ယူကရိန်းပဋိပက္ခနဲ့ မသက်ဆိုင်ကြောင်း ရှင်းပြသွားပါတယ်။'နီဘန်ဇီယာ'ကတော့ နှင်ထုတ်ခံရတဲ့အတွက်ဝမ်းနည်းမိကြောင်းနဲ့ အမေရိကန်ဟာ အိမ်ရှင်နိုင်ငံရဲ့သဘောတူညီချက်အပေါ် မလေးမစားပြုမူတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: RT