#WorldHealth
Published - 1 March 2022


အားပြင်းသည့် ကင်ဆာကုသနည်းများက ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကင်ဆာရောဂါသည်တွေရဲ့ အသက်သေဆုံးနိုင်ချေကို ပိုမိုဆိုးရွားစေခြင်းမရှိကြောင်း ယူကေမှ ကိုရိုနာဗိုင်းရပ်စ်နှင့်ကင်ဆာစောင့်ကြည့်ရေးအစီအစဉ်ရဲ့ သုတေသနအချက်အလက်များအရ သိရှိရပါတယ်။

ဓာတုဆေးဝါးကုထုံး၊ ကိုယ်ခံအားမြှင့်တင်ခြင်းကုထုံး၊ ဟော်မုန်းကုထုံး ဒါမှမဟုတ် ကင်ဆာဆေးဝါးများဖြင့် ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ကိုဗစ်ရောဂါလူနာ ၂,၅၁၅ ဦးကို သုတေသီတို့က လေ့လာခဲ့ကြပါတယ်။

အဆိုပါလူနာတွေထဲက ၃၈ ရာခိုင်နှုန်းဟာ ကိုဗစ်ရောဂါလက္ခဏာစပေါ်ပြီး တစ်ပတ်အတွင်း ကွယ်လွန်ခဲ့ကြပါတယ်။စမ်းသပ်လေ့လာတဲ့လူနာတဝက်ခန့်ဟာ အသက် ၇၂ နှစ်အထက်လူကြီးတွေဖြစ်ပြီး ခြုံငုံကြည့်တဲ့အခါ အဆုတ်ကင်ဆာ သွေးကင်ဆာခံစားရတဲ့လူနာတွေဟာ အသက်သေဆုံးနိုင်ချေများနေပါတယ်။

ဓာတုဆေးဝါးကုထုံးဖြင့် ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ချေကို မသက်ရောက်စေပေမယ့် ကိုယ်ခံအားမြှင့်တင်ခြင်းကုထုံးကတော့ အသက်ရှင်နိုင်စွမ်းကိုတောင် မြင့်မားစေနိုင်ကြောင်း JAMA Network Open ဂျာနယ်မှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

အစောပိုင်းလေ့လာချက်များအရ ကင်ဆာရောဂါအခံရှိတဲ့ ကိုဗစ်လူနာတွေဟာ အခြေအနေဆိုးရွားလေ့ရှိတယ်လို့ တွေ့ရှိခဲ့ကြပေမယ့် ဒါဟာ ကင်ဆာကုထုံးတွေကြောင့်ဆိုတာထက် အသက်အရွယ်၊ ကျား/မ၊ အခြားရောဂါအခံများနဲ့ ကင်ဆာအမျိုးအစားတို့ အပေါ် ပိုပြီးမူတည်နေနိုင်ကြောင်း သုတေသနအဖွဲ့ က သုံးသပ်သွားပါတယ်။
Source: Reuters