#WorldPolitics
Published - 12 February 2022
ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ ဒုဝန်ကြီးဟာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အား နောက်အပတ်မှာ နိုင်ငံတွင်းမှ ထုတ်ပယ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သောကြာနေ့က ပြောကြားသွားပါတယ်။

ဘုရင်စနစ်ထောက်ခံသူအမာခံတွေက လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ကို နိုင်ငံတော်လုံခြုံရေးအား ထိခိုက်ပျက်ပြားစေကြောင်း စွပ်စွဲပြောကြားထားပါတယ်။

ဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'ရုံးရဲ့ ဒုတိယဝန်ကြီးဖြစ်သူ'ဆက်ဆာကောအတ်ထဝေါင်'က ထိုင်းနိုင်ငံအတွင်း Amnesty International အဖွဲ့တည်ရှိနေခြင်းကို ကန့်ကွက်ကြောင်းလျှောက်ထားချက်တွင် လက်မှတ်ရေးထိုးသူ ၁.၂ သန်းရရှိထားပြီဖြစ်ပြီး အမျိုးသားလုံခြုံရေးကောင်စီနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တစ်ပတ်အတွင်း တင်ပြသွားမှာဖြစ်ပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်သူများအား တရားစွဲချက်တင်ထားတာကို ရပ်တန့်ပေးရန် လန်ဒန်အခြေစိုက်Amnesty International က တောင်းဆိုလာကြတာကြောင့် နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်လာရကြောင်း တော်ဝင်ဘုရင်စနစ်ထောက်ခံသူအမာခံတွေက စွပ်စွဲထားပါတယ်။

ထိုင်းလူမျိုးအများစုက ဘုရင်စနစ်ကို ထောက်ခံလေးစားကြသူတွေဖြစ်ပါတယ်။
"လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့က နိုင်ငံတော်လုံခြုံရေးကို ဖောက်ဖျက်ဖို့လုပ်နေတာပါ။ ဘုရင်စနစ်ပျက်ပြားအောင် ပြုလုပ်နေတဲ့အဖွဲ့တွေကို ထောက်ခံနေတာပါ။ ဒါဟာ သမာသမတ်မရှိတဲ့အပြင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံအားပေးနေတာဖြစ်ပါတယ်" လို့ 'ဆက်ဆာကော'က ရိုက်တာသတင်းဌာနကို ပြောပြသွားပါတယ်။

Amnesty အဖွဲ့ကို စုံစမ်းစစ်ဆေးဖို့ 'ပရာယွတ်'က နိုဝင်ဘာလက အမိန့်ပေးခဲ့ပြီး ယခုလက်မှတ်ထိုးလျှောက်ထားချက်မှာတော့ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။
Amnesty အဖွဲ့က သောကြာနေ့က ထုတ်ပြန်ကြေညာထားရာမှာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို လေးစားလိုက်နာရန် အစိုးရကို တိုက်တွန်းထားပါတယ်။

"ထိုင်းနိုင်ငံတော်ဝင်အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့သဘောထားနဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့တာဝန်ရှိတယ်ဆိုတာကို သိရှိနားလည်ထားပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်သွားဖို့ကိုလည်း ဆက်လက်တိုက်တွန်းလိုပါတယ်" လို့ ဖော်ပြထားပါတယ်။

ထိုင်းလူမျိုးအများစုက ဘုရင်စနစ်ကို အထွတ်အမြတ်ထားကြပြီး တော်ဝင်မျိုးနွယ်ကို ဝေဖန်ထိပါးလာပါက ခြိမ်းခြောက်မှုအန္တရာယ်အဖြစ် ယူဆတတ်ကြပါတယ်။

လူငယ်တွေဦးဆောင်ပြီး 'ပရာယွတ်'အစိုးရအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ ၂၀၂၀ အတွင်း အရှိန်မြင့်တက်လာခဲ့ကာ အာဏာပိုင်တွေက လူစုဖြိုခွဲရတဲ့အထိ တော်ဝင်ဆန့်ကျင်ပြောင်းလဲရေးတောင်းဆိုမှုတွေ မြင်တွေ့ခဲ့ရပါတယ်။

နိုင်ငံတော်လုံခြုံရေးထိပါးခြင်းစွပ်စွဲချက်ဖြင့် တက်ကြွလှုပ်ရှားသူ ၁,၇၀၀ ကျော်ကို တရားစွဲဆိုထားပြီး တော်ဝင်မျိုးနွယ်ကို စော်ကားနှောင့်ယှက်ပါက ထောင်ဒဏ် ၁၅ နှစ်ကျခံရမယ့်ဥပဒေနဲ့ ရင်ဆိုင်နေရသူ အနည်းဆုံး ၁၆၉ ဦးပါဝင်နေပါတယ်။

အစိုးရအဖွဲ့က Amnesty အဖွဲ့အားထုတ်ပယ်ရန် ကြိုးပမ်းနေတဲ့အပြင် အကျိုးအမြတ်မယူတဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေကို ထိန်းသိမ်းဖို့ဥပဒေကိုလည်း ထုတ်ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိပါတယ်။

ပြည်တွင်းနဲ့နိုင်ငံတကာမှ အဖွဲ့အစည်း ၁ ထောင်ကျော်ကတော့ ဒီဥပဒေကို ဆန့်ကျင်လိုက်ပြီး လူ့အခွင့်အရေးတွေကိုခြိမ်းခြောက်ရာကျတယ်လို့ ကြေညာလိုက်ပါတယ်။
Source: Reuters