Published 12 Feb 2022

လေကြောင်းတိုက်ခိုက်မှုဖြစ်နိုင်ချေအပါအဝင် ရုရှားရဲ့ကျူးကျော်မှုကို ရှောင်လွှားနိုင်ဖို့ အမေရိကန်နှင့် သူ့ရဲ့မဟာမိတ်တွေက သူတို့ရဲ့ နိုင်ငံသားတွေကို ယူကရိန်းကနေ ယခုချက်ခြင်းထွက်ခွာကြရန် တိုက်တွန်းလိုက်ပါတယ်။ ရုရှားရဲ့ကျူးကျော်မှုဟာ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်က သောကြာနေ့တုန်းကပြောကြားထားပါတယ်။

အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ ရန်မူတဲ့လုပ်ရပ်တွေကို အာရုံပြောင်းချင်လို့ အလိမ်အညာ သတင်းတွေဖြန့်နေတယ်လို့ မော်စကိုက စွပ်စွဲလိုက်ပါတယ်။

ရုရှားက အီးယူနှင့်နေတိုးတို့ရဲ့ ပူးတွဲ သံတမန်ရေးတုန့်ပြန်မှုတွေကို ပယ်ချလိုက်ပြီး စစ်အေးတိုက်ပွဲလွန်ဥရောပအပေါ် ပိုပြီးဩဇာရှိအောင်အလုအယက်ကြိုးပမ်းနေချိန်မှာ တိုက်ခိုက်မှုတွေဟာ ချက်ခြင်းလက်ငင်းဖြစ်လာနိုင်တယ်ဆိုပြီး အမေရိကန်နှင့် ဥရောပနိုင်ငံတွေက သတိပေးမှုထပ်မံတိုးမြှင့်လိုက်တာဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းယ်စပ်ကို တပ်ဖွဲ့ဝင်တစ်သိန်းကျော်ချထားပေမယ့် ကျူးကျော်မယ့်အစီအစဉ်ရှိတယ်ဆိုတဲ့အပေါ် ၎င်းက ငြင်းဆိုထားပါတယ်။

ရုရှားဟာ ဖေဖော်ဝါရီ(၂၀)ရက် ဆောင်းရာသီအိုလံပစ်မတိုင်ခင် ကျူးကျော်ပြီး မြို့တော်ကိဗစ်နှင့်အခြားမြို့တွေကို သိမ်းပိုက်နိုင်တယ်လို့ အမေရိကန်အရာရှိတွေကပြောနေပါတယ်။

ယူကရိန်းမှာ အမေရိကန်နိုင်ငံသားတွေက သူတို့ဆက်နေရင် အမေရိကန်စစ်တပ်ကကယ်ထုတ်မှာပဲဆိုပြီး မျှော်လင့်မထားဖို့နှင့် ၄၈နာရီအတွင်း ယူကရိန်းကထွက်ခွာဖို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောပါတယ်။

“ ရုရှားတွေအရှိန်မြှင့်နေတဲ့ လက္ခဏာတွေ ကျွန်တော်တို့မြင်နေရတယ်။ အဲဒီအထဲမှာ ယူကရိန်းနယ်စပ်ကို တပ်အင်အား အသစ်တွေထပ်ရောက်လာတာလဲပါဝင်တယ်။ အခုဆို ကျူးကျော်မှုဟာ အချိန်မရွေးဖြစ်လာနိုင်တဲ့အနေအထား ကျရောက်နေတယ်” လို့ သူက သတင်းထောက်တွေကိုပြောပါတယ်။

“ရုရှားက ယူကရိန်းကိုတိုက်မယ်ဆိုရင် ကောင်းကင်ကဗုံးကြဲတာရယ်၊ဒုံးကျည်နှင့်တိုက်တာရယ်နှင့်စတင်ဖို့များတယ်။ အဲဒီလိုလုပ်ရင် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် အရပ်သားတွေ အသတ်ခံရနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။

ဩစတေလျနှင့် နယူးဇီလန်တို့ဟာ ဗြိတိန်။ဂျပန်၊လတ်ဗီးယား၊နော်ဝေး၊နယ်သာလန်တို့နှင့်အတူ  သူတို့နိုင်ငံသားတွေ ယူကရိန်းက မြန်နိုင်သမျှ အမြန်ဆုံး ထွက်ခွာဖို့ နှိုးဆော်တဲ့ နောက်ဆုံးနှစ်နိုင်ငံဖြစ်ပါတယ်။ အစ္စရေးကလည်း သူ့သံရုံးဝန်ထမ်းတွေရဲ့မိသားစုတွေကို ကယ်ထုတ်မှုတွေစတင်နေပြီလို့ပြောပါတယ်။

Source Reuters