#WorldHealth
Published - 12 February 2022
အစ္စရေးလ်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာကြည့်ရာမှာ အစ္စရေးလ်မှအမျိုးသမီး ၁၀ ရာခိုင်နှုန်းခန့်ဟာ ကိုဗစ်အားမြှင့်ကာကွယ်ဆေး booster ထိုးနှံပြီးနောက် ရာသီစက်ဝန်းမူမှန်ခြင်းမျိုး ခံစားခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြလိုက်ပါတယ်။

ဖိုင်ဇာအားမြှင့်ကာကွယ်ဆေးထိုးပြီး ၂၁ ရက်မှ ရက် ၃၀ အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကို ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးလေ့လာခဲ့တာဖြစ်ပါတယ်။

အလတ်ပိုင်းအမျိုးသမီးတွေနဲ့ ငယ်ရွယ်သူတွေမှာ အားမြှင့်ကာကွယ်ဆေးထိုးနှံခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးခံစားရနိုင်ကြောင်း လေ့လာချက်မှာ တွေ့ရှိရပါတယ်။

လေ့လာချက်အရ အဖြစ်အများဆုံးဘေးထွက်ဆိုးကျိုးက ရာသီလာချိန်မမှန်ခြင်းဖြစ်တတ်ကာ အသက် ၅၄ နှစ်အတွင်း အမျိုးသမီး ၁၀ ရာခိုင်နှုန်းက အဆိုပါလက္ခဏာမျိုးခံစားခဲ့ရကြောင်း တွေ့ရှိရပါတယ်။

ဘေးထွက်ဆိုးကျိုးလက္ခဏာအများစုက အပျော့စားမျှသာဖြစ်ပြီး အလွန်ဆုံး ၃ ရက်ကျော်တဲ့အခါ လက္ခဏာပျောက်ကင်းသွားကြောင်း ဖော်ပြထားပါတယ်။ဒါ့အပြင် အာရုံကြောတုန့်ပြန်မှုနဲ့ ဓာတ်မတည့်ခြင်းဖြစ်စဉ်တွေဟာလည်း အရင်ကိုဗစ်ကာကွယ်ဆေးတွေထက်စာရင် အဖြစ်နည်းသွားပြီး ၄ ရာခိုင်နှုန်းခန့်မှာသာ တွေ့ရှိရပါတယ်။

အဆိုပါဓာတ်မတည့်ခြင်းတွေ ခံစားခဲ့ရတဲ့လူအနည်းစုဟာလည်း ကာကွယ်ဆေးထိုးပြီး အချိန်ကာလအတော်ကြာတော့မှ ခံစားရတာဖြစ်ပါတယ်။ယေဘုယျခြုံကြည့်ရင်တော့ အရင်ကာကွယ်ဆေးထိုးခြင်းအကြိမ်ကထက်စာရင် ခံစားရတဲ့ဘေးထွက်ဆိုးကျိုးအများစုဟာ ပြင်းထန်ခြင်းလျော့နည်းလာတာကို တွေ့ရပါတယ်။

အစ္စရေးလ်မှလေ့လာချက်ပြုလုပ်ရာမှာ အသက် ၁၈ နှစ်အထက် လူပေါင်း ၂,၀၄၉ ဦးပါဝင်ကာ အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

အသက် ၁၈-၃၉၊ အသက် ၄၀-၅၉၊ အသက် ၆၀ အထက်ဆိုပြီး အသက်အရွယ်အပိုင်းအခြား ၃ မျိုးတိုရဲ့ ဘေးထွက်ဆိုးကျိုးခံစားရမှုကို ကျန်းမာရေးဝန်ကြီးဌာနက လေ့လာစစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။
Source: The Jerusalem Post.