Published 11 Feb 2022

ပြင်သစ်သမ္မတအီမန်နူယယ်မာခရွန်ဟာ ရုရှားသမ္မတဗလက်ဒီမာပူတင်နှင့်တွေ့ဆုံဖို့ ဒီတစ်ပတ်ထဲမှာ မော်စကိုသို့ ရောက်ရှိစဉ်မှာ သူ့ကိုကိုဗစ်-၁၉ ပိုးစစ်ဖို့ ကရင်မလင်ရဲ့ မေတ္တာရပ်ခံချက်ကို ငြင်းပယ်ခဲ့ပါတယ်။ သူ့ရဲ့ ဒီအင်န်အေ DNA, (မျိုးဗီဇ)ကို ရုရှားတွေရယူသွားမှာစိုးရိမ်တဲ့အတွက် ငြင်းပယ်ခဲ့တာဖြစ်ကြောင်း မာခရွန်ရဲ့ အပါးတော်တွေထဲက နှစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

အဲဒါကြောင့် မော်စကိုမှာ ယူကရိန်းအကျပ်အတည်းကိစ္စဆွေးနွေးရာမှာ အလည်အပတ်ရောက်လာတဲ့ ပြင်သစ်သမ္မတကို ရုရှားခေါင်းဆောင်က ခပ်ဝေးဝေးနေရာမှာ ထားရှိဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရိုက်တာက ရေးပါတယ်။

သူတို့နှစ်ဦးဟာ စားပွဲရှည်ကြီးရဲ့ အစွန်နှစ်ဖက်မှာ ထိုင်နေကြတာကို ဓာတ်ပုထဲမှာတွေ့ရလို့ ဆိုရှယ်မီဒီယာတွေမှာ သရော်တဲ့ စာတွေနှင့်မှတ်ချက်ပေးခဲ့ကြပါတယ်။ အဲဒီလိုရေးသားကြသူတွေထဲမှာ သံတမန်တွေပင်ပါခဲ့ပါတယ်။”ပူတင်ဟာ မက်ဆေ့ချ် ပို့ပြီးဆွေးနွေးခဲ့တာဖြစ်လိမ့်မယ်” လို့ရေးသားကြပါတယ်။

ပြင်သစ်သမ္မတမာခရွန်ကို ရွေးချယ်ဖို့နည်းလမ်းနှစ်ခုပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်(၂)ခုကပြောပါတယ်။အဲဒါတွေက ပီစီအာရ် စစ်ဆေးတာခံယူပြီး ပူတင်နှင့် နီးနီးကပ်ကပ်ထိုင်ဆွေးနွေး မလား ဒါမှမဟုတ် ပီစီအာရ်အစစ်မခံဘဲ ပိုပြီးတင်းကျပ်တဲ့ ခပ်လှမ်းလှမ်း ခပ်ခွာခွာနေပြီး ပူတင်နှင့် ဆွေးနွေးမလား ဆိုတာပဲဖြစ်ပါတယ်။

“ ဒါဆိုရင် လက်ဆွဲနှုတ်ဆက်တာမရှိဘူး။ပြီးတော့ စားပွဲရှည်ကြီးမှာထိုင်ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်သွားပါတယ်။ ဒါပေမယ့် သမ္မတရဲ့ ဒီအင်န်အေကို သူတို့ရဲ့လက်ထဲတော့ အရောက်မခံနိုင်ဘူး” လို့ သတင်းအရင်းအမြစ်တွေထဲက တစ်ခုက ရိုက်တာကိုပြောပါတယ်။ သူတို့က ရုရှားဆရာဝန်တွေနှင့် ပြင်သစ်ခေါင်းဆောင် အစစ်ခံရမယ့် လုံခြုံရေးကို စိတ်ပူပန်ကြပါတယ်။

မာခရွန်ဟာ ကိုဗစ်စစ်ဆေးခံဖို့ ငြင်းပယ်ခဲ့တယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီပက်စ်ကော့ဗ်က အတည်ပြုပါတယ်။ ရုရှားအနေနှင့် အဲဒီအတွက်ပြသနာမရှိပါဘူး။ အဲဒါကြောင့် ကရင်မလင်ခေါင်းဆောင်ရဲ့ကျန်းမာရေး အတွက် ပူတင်နှင့် ပေ၂၀အကွာမှာ ထိုင်ဖို့လိုအပ်သွားတာဖြစ်တယ်လို့ သူကပြောပါတယ်။

“ ဒီကိစ္စမှာနိုင်ငံရေးမပါဘူး။ ဆွေးနွေးညှိနှိုင်းကြတဲ့အပေါ်မှာလည်း ဘာမှအနှောက်အယှက်မရှိဘူး” လို့ သူကပြောပါတယ်။

အဲဒါကြောင့် မာခရွန်ဟာ ရုရှားကိုမထွက်ခွာခင်မှာ ပီစီအာရ်စစ်ဆေးမှုကို ပြင်သစ်ဆရာဝန်နှင့်တစ်ကြိမ်၊ ရုရှားရောက်တော့ သူ့ကိုယ်ပိုင်ဆရာဝန်နှင့် အင်န်တီဂျင်စစ်ဆေးမှုကိုတစ်ကြိမ် အစစ်ခံခဲ့တယ်လို့ အပါးတော်မြဲတွေထဲက ဒုတိယမြောက် အရင်းအမြစ်ကပြောပါတယ်။

Source Reuters