#WorldPolitics
Published - 11 February 2022


ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'နဲ့ ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'တို့ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ယခုအပတ်အတွင်း မော်စကို၌ အချိန်ကြာမြင့်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ 'ပူတင်'က စစ်အေးကာလအလွန်အချိန်တုန်းက အကြောင်းတွေကို ပြန်ပြောင်းပြောဆိုနေခဲ့ကြောင်း ပြင်သစ်ခေါင်းဆောင်အသိုင်းအဝန်းရဲ့ သတင်းအရင်းအမြစ်နှစ်ခုကနေ ဖော်ပြလိုက်ပါတယ်။

မော်စကိုမှာ တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲအကြောင်းကို ပြင်သစ်ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ရာမှာ အခုတွေ့ဆုံပြောဆိုခဲ့တဲ့ 'ပူတင်'က လွန်ခဲ့တဲ့ ၃ နှစ်က ဖရန့်ချ်ရီဗီရာကမ်းခြေမှာ တွေ့ဆုံခဲ့ဖူးတဲ့ 'ပူတင်'နဲ့ဘယ်လောက်အထိ ကွာခြားသွားသလဲဆိုတာကို 'မက်ခရွန်'အံ့အားသင့်နေရကြောင်း ဖော်ပြထားကြပါတယ်။

'ပူတင်'က အရင်တုန်းကသမိုင်းကြောင်းတွေကို ၅ နာရီလောက်ကြာအောင် ပြောဆိုနေခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်ကတည်းက အနောက်နိုင်ငံက ရုရှားအပေါ် ကတိချိုးဖောက်ခဲ့ကြောင်း၊ အရင်ဆိုဗီယက်နိုင်ငံဟောင်းတွေကို နေတိုး(NATO)အဖွဲ့ဝင်အဖြစ် စည်းရုံးပြီး အင်အားတိုးချဲ့ခဲ့ကြောင်း စတဲ့အကြောင်းအရာတွေကို 'ပူတင်'ကသူယုံကြည်ယူဆထားတဲ့အတိုင်း ထုတ်ဖော်ပြောခဲ့တယ်လို သတင်းအရင်းအမြစ်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်သတင်းအရင်းအမြစ်တွေရဲ့ ထုတ်ပြန်ချက်တွေမှာ ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အား ၁ သိန်းကျော် ဖြန့်ကျက်ထားကြောင်း၊ အိမ်နီးချင်းဘီလာရုစ်နိုင်ငံနဲ့ ပင်လယ်နက်တိုမှာ ရုရှားတို စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြောင်း၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို အနောက်တိုင်းခေါင်းဆောင်တွေက ထပ်မံသတိပေးထားကြောင်း ဖော်ပြထားပါတယ်။
'ပူတင်'ရဲ့သဘောထားအပေါ် ပြင်သစ်ရဲ့သုံးသပ်ချက်အကြောင်း ရိုက်တာသတင်းဌာနက ရုရှားမှပြောရေးဆိုခွင့်ရှိသူကို မေးမြန်းခဲ့ရာ ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ရုရှားဘက်ကတင်ပြထားတဲ့ လုံခြုံရေးတောင်းဆိုချက်တွေကို အနောက်နိုင်ငံက မလိုက်လျောတဲ့အပေါ် အလွန်စိတ်ပျက်မိကြောင်း 'ပူတင်'ကဆိုပါတယ်။

"စစ်ရေးဆောင်ရွက်မှုတွေမဖြစ်လာအောင် အခုဆိုရင်နှစ် ၃၀ လောက် ထိန်းသိမ်းနေလာခဲ့ကြပြီးပါပြီ။ အခုပြန်ရလိုက်တာက ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို လုံးဝလျစ်လျူရှုထားတာပါပဲ" လို့ တနင်္လာနေ့က မီဒီယာရှင်းလင်းပွဲမှာ 'ပူတင်'က မိန့်ဆိုခဲ့ပါတယ်။

ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်နိုင်ငံတွေကြား နိုင်ငံရေးတင်းမာမှုတွေမြင့်တက်နေမှုကို လျှော့ချနိုင်ဖို့ 'မက်ခရွန်'က ရုရှားနိုင်ငံထံသွားရောက်ခဲ့တာဖြစ်ပါတယ်။
သူတို့နှစ်ယောက်အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြရာမှာ အခြားမည်သူတစ်ဦးတစ်ယောက်မှမပါဘဲ စကားပြန်တစ်ယောက်တည်းသာ ရှိနေခဲ့ပါတယ်။

ပြင်သစ်ဘက်ကဖော်ပြချက်အရ အရင်ဆိုဗီယက်နိုင်ငံဟောင်းတွေဖြစ်တဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်နိုင်ငံတို့ကို မဟာမိတ်အဖွဲ့ဝင်ဖြစ်လာရေး ၁၉၉၇ နေတိုးအဖွဲ့ သဘောတူညီချက်အကြောင်းကိုလည်း ပူတင်က ထပ်ခါထပ်ခါပြောဆိုနေခဲ့ကြောင်း သိရှိရပါတယ်။

'မက်ခရွန်'ပြောကြားချက်ထဲမှာ ၂၀၁၉ ခုနှစ် ပြင်သစ်မှာ 'ပူတင်'ကို လက်ခံတွေ့ဆုံစဉ်က အခုလောက်သမိုင်းကြောင်းကို ပြန်ပြောင်းမပြောဘဲ သဘောထားမခက်ထန်ကြောင်း ပြောကြားထားပါတယ်။

နိုင်ငံရေးတင်းမာမှုတွေကိုရပ်တန့်ပစ်ရန် အလားအလာရှိနေကြောင်း၊ ရုရှားကိုနောက်ပြန်ဆုတ်ခိုင်းဖို့ကလည်း စောလွန်းသေးကြောင်း၊ ပစ်ခတ်မှုတွေဖြစ်လာနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေသေးကြောင်း 'မက်ခရွန်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source: Reuters