#WorldHealth
Published- 11 February 2022

ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုကြောင့် တစ်ကမ္ဘာလုံးကလူတွေ နှာခေါင်းစည်းတပ်ဆင်တာဟာ ပုံမှန်နေထိုင်မှုဘဝလိုဖြစ်နေပါပြီ။ဒါပေမဲ့ ကလေးငယ်တွေအတွက်ကတော့ နှာခေါင်းစည်းအုပ်ထားတဲ့မျက်နှာတွေကို မှတ်မိဖို့ အခက်အခဲရှိလာကြောင်း ကနေဒါရှိ ယော့ခ်တက္ကသိုလ်နဲ့ အစ္စရေးလ်ရှိ ဘန်ဂူရီယန်တက္ကသိုလ်တို့က လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကိမ်းဘရစ်ဂျ်မျက်နှာ မှတ်မိနိုင်စွမ်းစမ်းသပ်နည်းအတိုင်း နှာခေါင်းစည်းတပ်ထားတဲ့မျက်နှာတွေနဲ့ နှာခေါင်းစည်းမတပ်ထားတဲ့မျက်နှာတွေအား ခွဲခြားမှတ်မိနိုင်တဲ့စွမ်းရည်ကို ကျောင်းနေအရွယ်ကလေး ၇၂ ယောက်ဖြင့်စမ်းသပ်ခဲ့ကြပါတယ်။

အရင်ကစမ်းသပ်ခဲ့ရာမှာလည်း နှာခေါင်းစည်းတပ်ဆင်ထားတဲ့လူကြီးအချင်းချင်းတောင် မှတ်မိဖို့ အခက်အခဲဖြစ်တာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ကလေးငယ်တွေမှာ ပိုဆိုးပြီး မျက်နှာမှတ်မိနိုင်စွမ်းချို့ယွင်းမှုနှုန်းက ၂၀ ရာခိုင်နှုန်းရှိကာ လူကြီးတွေမှာတော့ ၁၅ ရာခိုင်နှုန်းရှိနေပါတယ်။

"အမြင်အာရုံအတိုင်းသိရှိဖို့မှာ မျက်နှာက အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်ပြီး သူ့ရဲ့ကျား/မအခြေအနေ၊ အသက်အရွယ်၊ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်စတဲ့ အချက်အလက်တွေကို သိရှိစေနိုင်ပါတယ်။ ဒီအချက်အလက်တွေကိုအသုံးပြုပြီး လူမှုပေါင်းသင်းဆက်ဆံရေး ပြုလုပ်ရတာဖြစ်ပါတယ်" လို့ ယော့ခ်တက္ကသိုလ် ကျန်းမာရေးဌာနမှ တွဲဖက်ပရော်ဖက်ဆာ 'အီရက်ဇ်ဖရော့'က ရှင်းပြလိုက်ပါတယ်။
ယေဘုယျအားဖြင့် လူသားတွေက မျက်နှာကို တစ်စိတ်တစ်ပိုင်းအနေနဲ့ မကြည့်ဘဲ ခြုံငုံမှတ်သားလေ့ရှိပါတယ်။

ဒါပေမဲ့ကလေးတွေက မျက်နှာတွေကို ကြည့်ရှုတဲ့အခါမှာတော့ အနည်းငယ်ကွဲပြားပါတယ်။
ကလေးတွေ လေ့လာကြည့်ရှုနေတဲ့ မျက်နှာတွေက နှာခေါင်းစည်းအုပ်ထားလိုက်ရင် သူတို့ရဲ့ခြုံငုံမှတ်မိနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းတွေ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး စာသင်ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကလေးတွေအနေနဲ့ နှာခေါင်းစည်းတပ်ထားတဲ့သူတွေကို အဆက်မပြတ်မြင်တွေ့နေရမှာဖြစ်ပါတယ်။

"ခြုံငုံသိရှိနိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်းတို့ ချို့ယွင်းပြီဆိုရင် ကလေးတွေအနေနဲ့ ဆရာတွေ ကျောင်းသားတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ အခက်အခဲဖြစ်လာနိုင်ပါတယ်" လို့ 'ဖရော့'က ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့နေရာအများစုမှာ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခိုင်းထားကြပါတယ်။သုတေသနလေ့လာမှုအမျိုးမျိုးတွင် နှာခေါင်းစည်းတွေရဲ့ အရေးပါမှုက ထင်ရှားနေတာကြောင့် စာသင်ခန်းလိုနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ဖို့က မရှိမဖြစ်အရေးပါလာမှာဖြစ်ပါတယ်။
Source: The Jerusalem Post