Published 05 February 2022

အရင်က Facebook လို့ လူသိများခဲ့တဲ့ Meta ကုမ္ပဏီဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ကြာသပတေးနေ့ တစ်ရက်တည်းနဲ့ပင် စတော့ဈေးကွက် အကြီးမားဆုံးထိခိုက်ဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။

စတော့ရှယ်ယာ ၂၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဈေးကွက်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၂၃၀ ဘီလီယံ ထိုးကျသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကုမ္ပဏီရဲ့ဝင်ငွေ စိတ်ပျက်ဖွယ်နည်းပါးခဲ့ပြီးနောက် အခုလိုဈေးကွက်တန်ဖိုးတွေပါ ထိခိုက်လာတာဖြစ်ပါတယ်။

လူမှုကွန်ရက်အက်ပ်လီကေးရှင်းတွေကို အဓိကထားနေတဲ့လုပ်ငန်းအဖြစ်ကနေ metaverse လို့ခေါ်တဲ့ ဖြစ်တည်မှုပုံရိပ်ယောင်ကမ္ဘာကြီးကို ဖန်တီးဖို့ ပြောင်းလဲအာရုံစိုက်လာကြောင်း အမှုဆောင်အရာရှိချုပ် 'မာ့ခ်ဇူကာဘာ့ဂ်'က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာ Meta ကုမ္ပဏီ ဒုက္ခအကျဉ်းအကြပ်ထဲရောက်နေရတဲ့ အကြောင်းအရင်း ၆ ခုက...

(၁) သုံးစွဲသူအရေအတွက် ဆက်လက်တိုးတက်မှုမရှိခြင်း

- ဖေ့စ်ဘွတ်ခ်သုံးစွဲတဲ့သူ အရေအတွက်တိုးများလာခြင်းက အဆုံးသတ်ကိုကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

- Meta ကုမ္ပဏီရဲ့ အက်ပ်လီကေးရှင်းတွေဖြစ်တဲ့ Instagram, Messenger, WhatsApp တို့မှာ ဗုဒ္ဓဟူးနေ့အထိ အသုံးပြုသူအသစ်တွေ ရှိလာခဲ့ပေမယ့် အဓိကအက်ပ်လီကေးရှင်း ဖေ့စ်ဘွတ်ခ်မှာတော့ ပြီးခဲ့တဲ့လတွေမှာ အသုံးပြုသူ သန်းတဝက်လောက်အထိ လျော့နည်းလာခဲ့ပါတယ်။

- ဝင်တွေကြီးကြီးမားမားမရရှိသေးတဲ့ WhatsApp လို မက်ဆေ့ပို့ဆက်သွယ်တဲ့ဝန်ဆောင်မှုမျိုးမှာ ဝင်တွေရရှိအောင်ပြုလုပ်ဖို့နဲ့ အခြားအခွင့်အလမ်းတွေဆီကနေ ရရှိအောင်ပြုလုပ်ဖို့ အမှုဆောင်တွေက ထောက်ပြထားပါတယ်။

- Meta ရဲ့ အခြားအက်ပ်လီကေးရှင်းဖြစ်တဲ့ Instagram လိုဟာမျိုးက သုံးစွဲသူအမြင့်ဆုံးအနေအထား ရောက်ရှိနိုင်မလားဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက အကဲဖြတ်စောင့်ကြည့်သွားဖို့ ဖြစ်နိုင်ချေများပါတယ်။

(၂) Apple ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် ပြောင်းလဲပြင်ဆင်မှုများ

- ပြီးခဲ့တဲ့နွေဦးရာသီတုန်းက Apple က သူတို့ရဲ့ စမတ်ဖုန်းလုပ်ဆောင်ချက်စနစ်တွေမှာ  App Tracking Transparency ဆိုတဲ့ စနစ်ကို စတင်ထည့်သွင်းလိုက်ပါတယ်။

- အဆိုပါစနစ်ဟာ ဖေ့စ်ဘွတ်ခ်လို အက်ပ်လီကေးရှင်းတွေက iPhone အသုံးပြုသူတွေရဲ့ အွန်လိုင်းပေါ်ကလုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ iPhone အသုံးပြုသူတွေ ခွင့်ပြုမှာလား ဆိုတာကို ရွေးချယ်လို့ရမှာဖြစ်ပါတယ်။

- အခုအခါ ဖေ့စ်ဘွတ်ခ်နဲ့အခြားအက်ပ်လီကေးရှင်းတွေက iPhone အသုံးပြုသူတွေရဲ့ လုပ်ဆောင်ပုံအချက်အလက်တွေကို စောင့်ကြည့်စစ်ဆေးခွင့်ရဖို့ အသုံးပြုသူတွေထံ ခွင့်ပြုချက်တောင်းရမှာဖြစ်ပြီး သုံးစွဲသူအများစုကတော့ ခွင့်မပြုခဲ့ကြပါဘူး။

- Meta ကုမ္ပဏီရဲ့ အဓိကငွေရပေါက်ဖြစ်နေတဲ့ ဖေ့စ်ဘွတ်ပေါ်မှ ကြော်ငြာတွေကို ကြည့်ရှုသူနည်းသွားမှာဖြစ်ပါတယ်။

- ပိုပြီးအထိနာရတဲ့အချက်က iPhone အသုံးပြုသူတွေက ဖုန်းထဲကပေါ်လာတဲ့ကြော်ငြာတွေကနေ ဝယ်ယူသုံးစွဲမှုမှာ Android ဖုန်းအသုံးပြုသူတွေထက် ပိုပြီးဝယ်ယူသုံးစွဲကြသူတွေဖြစ်ပါတယ်။

(၃) အွန်လိုင်းကြော်ငြာလုပ်ငန်းတွေမှာ Google ကယှဉ်ပြိုင်လာမှု

- Meta ကုမ္ပဏီဒုက္ခရောက်နေတဲ့အတွက် ပြိုင်ဘက်ကုမ္ပဏီတွေ အခွင့်သာဖို့ဖြစ်လာခဲ့ပါတယ်။

- Apple ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ပေါ်လစီ ပြောင်းလဲမှုက အသုံးပြုသူတွေရဲ့လုပ်ဆောင်ချက်အလိုက် ကြော်ငြာပြသခွင့်ရဖို့ အခွင့်အရေးနည်းလာတာကြောင့် ကြော်ငြာလုပ်ငန်းရှင်တွေက Google လို နေရာတွေမှာ ပြောင်းပြီးကြော်ငြာအတွက် သုံးစွဲလာကြပါတယ်။

- Meta နဲ့မတူတဲ့အချက်က Google က အသုံးပြုသူတွေရဲ့အချက်အလက်တွေအတွက် Apple ကို မှီခိုနေစရာမလိုပါဘူး။

(၄) TikTok ကိုယှဉ်ပြိုင်လာတဲ့ Reels ရဲ့ပြဿနာ

- တရုတ်နိုင်ငံထုတ် TikTok အက်ပ်လီကေးရှင်းမှာ သုံးစွဲသူ ၁ ဘီလီယံကျော်ရှိနေပြီး ဗီဒီယိုအတိုလေးတွေ ရိုက်ကူးအသုံးပြုလို့ရတာကြောင့် စွဲစွဲလမ်းလမ်းအသုံးပြုနေကြပါတယ်။

- TikTok နဲ့ယှဉ်ပြိုင်ဖို့အတွက် Meta က TikTok လို ဗီဒီယိုအတိုလေးတွေ ရိုက်ကူးလို့ရတဲ့ Instagram Reels ကို ဖန်တီးခဲ့ပါတယ်။

- Reels က Instagram သတင်းပို့စ်အသစ်တွေထက် ပိုမိုလူကြိုက်များလာခဲ့ကြောင့် မစ္စတာ'ဇူကာဘာ့ဂ်'က ဆိုပါတယ်။

- ပြဿနာက Reels က အသုံးပြုသူတွေပိုများလာပေမယ့် ဝင်ငွေရရှိမှုမှာတော့ Instagram က သတင်းပို့စ်တွေ Story တွေလောက် မရရှိတာပဲဖြစ်ပါတယ်။

(၅) Metaverse အစီအစဉ်မှာ အလွန်အကျွံရင်းနှီးမြှုပ်နှံထားခြင်း

- metaverse စနစ်က အင်တာနက်လောကရဲ့ နောက်တဆင့်ဖြစ်လာမယ်လို့ မစ္စတာ'ဇူကာဘာ့ဂ်'က ယုံကြည်ထားပါတယ်။

- ဖြစ်တည်မှုပုံရိပ်ယောင်တွေနဲ့ ကမ္ဘာ့အနှံ့ကလူတွေ ဆက်သွယ်လုပ်ကိုင်ကြလိမ့်မယ်လို့ ယူဆထားတာကြောင့် metaverse ကို အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

- ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲခဲ့ပြီး အနာဂတ်မှာလည်း ဒီထက်ပိုမိုသုံးစွဲသွားဖို့ မျှော်မှန်းထားပါတယ်။

(၆) တရားမျှတစွာယှဉ်ပြိုင်ရေးနဲ့ပတ်သက်ပြီး စွပ်စွဲခံရခြင်းများ

- ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်၊ တိုင်းရှေ့နေချုပ်တွေက Meta ကုမ္ပဏီကို စီးပွားရေးပြိုင်ဘက်အပေါ် မတရားပြုခဲ့လားဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

- အမေရိကန်ရှိ ဥပဒေထုတ်ပြန်သူများက ကွန်ဂရက်မှဆောင်ရွက်ချက်တွေနဲ့ ပူးပေါင်းကာ တရားမျှတစွာယှဉ်ပြိုင်ရေးဥပဒေကို အတည်ပြုနိုင်ရေး လုပ်ဆောင်နေကြပါတယ်။

- Meta က လက်ဝါးကြီးအုပ်ခြယ်လှယ်နေတဲ့ လူမှုကွန်ရက်မဟုတ်ကြောင်း၊ TikTok, Apple, Google နဲ့ အခြားပြိုင်ဘက်များစွာနဲ့ အပြိုင်အဆိုင်ဖြစ်နေကြောင်း မစ္စတာ'ဇူကာဘာ့ဂ်'က ဆိုပါတယ်။

Source: The Straits Times