#WorldPolitics
Published- 03 February 2022

ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အားအများအပြားနေရာချထားခြင်းကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့ အင်အား ၃,၀၀၀ နီးပါးကို ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံများထံ စေလွှတ်သွားမည်ဖြစ်ပြီး အရှေ့ဥရောပဒေသမှာ စစ်ရေးကူညီအားဖြည့်သွားမှာဖြစ်ကြောင်း အမေရိကန်မှတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားတို့က ယူကရိန်းကိုကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် အပြန်အလှန်သဘောတူညီချက်တွေပြုလုပ်ချင်တဲ့ ပုံမပေါ်ဘဲ ဗြိတိန်နိုင်ငံနဲ့ ဝန်ကြီးချုပ်'ဘိုရစ်ဂျွန်ဆန်'တို့ကို လှောင်ပြောင်ဝေဖန်လိုက်တဲ့အပြင် ဗြိတိန်နိုင်ငံရေးသမားတွေကိုလည်း ရူးနှမ်းနေကြတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

ရုရှားက ယူကရိန်းနယ်စပ်မှာ စစ်အင်အား ၁ သိန်းကျော် နေရာချထားကာ ယူကရိန်းကို နေတိုး(NATO)အဖွဲ့ဝင်အဖြစ် ဘယ်တော့မှလက်မခံဖို့ ကတိပြုချက်နဲ့ တောင်းဆိုချက်တွေကို လိုက်လျောခြင်းမရှိပါက စစ်ရေးဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။
ဂျာမနီနိုင်ငံ ဗီလ်ဆက်အခြေစိုက်စခန်းမှ အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ဝန်းကျင်ပါဝင်တဲ့ စထွိက်ကာတပ်ခွဲတစ်ခုကို ရိုမေးနီးယားသို့စေလွှတ်မည်ဖြစ်ပြီး မြောက်ကယ်ရိုလိုင်းနား ဘရက်ဂ်ခံတပ်မှ အမှတ်(၈၂)လေကြောင်းတပ်ခွဲမှ တပ်ဖွဲ့အင်အား ၁,၇၀၀ ဝန်းကျင်ကိုလည်း ပိုလန်နိုင်ငံထံ စေလွှတ်သွားမည်ဖြစ်ကြောင်း ပန်တဂွန်က ပြောကြားလိုက်ပါတယ်။

ဘရက်ဂ်ခံတပ်ကြီးမှ နောက်ထပ်တပ်ဖွဲ့ဝင် ၃၀၀ ကိုလည်း ဂျာမနီသို့ ရွှေ့ပြောင်းသွားမှာဖြစ်ပါတယ်။ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'ကို သတိပေးခဲ့တဲ့အတိုင်း တပ်ဖွဲ့တွေနေရာချထားခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။

"ပူတင်အနေနဲ့ ဆက်ပြီးရန်လိုတဲ့သဘောဆောင်နေမယ်ဆိုရင် အမေရိကန်တပ်တွေအဆင်သင့်ရှိနေမှာဖြစ်ကြောင်း နေတိုးမဟာမိတ်တွေနဲ့ အရှေ့ဥရောပကို အသိပေးထားပါတယ်" လို့ ဘိုင်ဒန်ကပြောကြားခဲ့ကြောင်း မီဒီယာတွေက တွစ်တာမှာဖော်ပြခဲ့ကြပါတယ်။
နေတိုးတပ်ဖွဲ့ကြီးက အမေရိကန်အတွက်ရော မဟာမိတ်အဖွဲ့တွေအတွက်ပါ အရေးကြီးတယ်ဆိုတာကို ပူတင်နဲ့တစ်ကမ္ဘာလုံးကိုသိစေဖို့အတွက် အခုလိုစစ်တပ်တွေပြောင်းရွှေ့နေရာချခြင်းဖြစ်ကြောင်း ပန်တဂွန်မှပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'က ပြောသွားပါတယ်။

ပိုလန်ကာကွယ်ရေးဝန်ကြီးချုပ် 'မာရီးယပ်စ်ဘလက်ဇ်ဂျက်'က အမေရိကန်တပ်ဖွဲ့တွေ နေရာချထားခြင်းက စည်းလုံးညီညွတ်မှုကို ပြသရာရောက်တယ်လို့ ဆိုလိုက်ပြီး နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'ကလည်း ဒီအစီအစဉ်ကိုကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားတို့ရဲ့အဓိကတောင်းဆိုချက်တွေက လိုက်လျောစရာအကြောင်းမရှိဘူးလို့ အနောက်နိုင်ငံတွေက သတ်မှတ်ခဲ့ကြပြီး ရုရှားတို့ကလည်း အလျှော့ပေးမယ့်ပုံမပေါ်တာကြောင့် သံတမန်ရေးအရဖြေရှင်းမှုက အောင်မြင်မှုမရဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'က ဒီပြဿနာနဲ့ပတ်သက်ပြီး မကြာခင်မှာ 'ဘိုင်ဒန်'နဲ့တွေ့ဆုံသွားမှာဖြစ်တဲ့အပြင် ရုရှားသိုသွားရောက်ကာ 'ပူတင်'နဲ့လည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဂျာမနီမှအကြီးအမှူး'အိုလက်ဖ်ရှော့လ်ဇ်'ကလည်း မော်စကိုသို့သွားရောက်ကာ 'ပူတင်'နဲ့တွေ့ဆုံသွားမယ်လို့ ပြောကြားထားပါတယ်။ရုရှားနိုင်ငံနဲ့ သမ္မတ'ပူတင်'တို့က မည်သူနဲ့မဆို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားချင်တာဖြစ်ပြီး အကျိုးအကြောင်းမသိတဲ့သူနဲ့တောင် တွေ့ဆုံခွင့်ပြုထားပါတယ်လို့ ရုရှားအုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ 'ဒီမီထရီပက်စ်ကော့ဗ်'က ပြောကြားခဲ့ပါတယ်။
Source: Reuters.