#WorldHealth
Published - 3 February 2022


ဆေးလ်ဗားစပရင်း မယ်ရီလန်းဒေသမှာနေထိုင်တဲ့ ကလေး ၂ ယောက်မိခင်ဖြစ်သူ 'ကယ်ရီဒင်ဂယ်လ်'က စာသင်ကျောင်းတွေနဲ့ ကလေးထိန်းစင်တာတွေမှာ ကလေးတွေကို နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ဖို့ မသတ်မှတ်သင့်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။အသက် ၂ နှစ်အရွယ်ကလေးတစ်ယောက်ကို တစ်နေ့လုံး နှာခေါင်းစည်းတပ်ဆင်ခိုင်းထားဖို့က ဖြစ်သင့်ရဲ့လားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ရောဂါကူးစက်နိုင်ချေမြင့်မားတဲ့လူတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ booster အားမြှင့်ကာကွယ်ဆေးတွေ ထိုးနှံသင့်ကြောင်း၊ အခြားလူတွေဆီမကူးစက်အောင် ကလေးတွေကို ဖိအားပေး နှာခေါင်းစည်းတပ်ခိုင်းတာမျိုး မလုပ်သင့်တော့ကြောင်း 'ဒင်ဂယ်လ်'က ပြောလိုက်ပါတယ်။

'ဒင်ဂယ်လ်'ရဲ့ အသက် ၃ နှစ်အရွယ် သားယောက်ျားလေးဖြစ်သူတက်ရောက်နေတဲ့ မူကြိုကျောင်းမှာ ကလေးတွေကအမြဲလိုလို အခန်းအပြင်ဘက်မှာရှိနေတတ်ပေမယ့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

"ကျွန်မကလေးက သူမကြိုက်တဲ့ အဝတ်စနှာခေါင်းစည်းကို အမြဲတပ်ဆင်နေရပါတယ်။ သူကနှာခေါင်းစည်းကို ကိုက်ပစ်တတ်ပါတယ်။ ၅ မိနစ်တောင်မပြည့်သေးဘူး နှာခေါင်းစည်းက စိုရွှဲတော့တာပဲ" လို့ ဆိုပါတယ်။

သူ့ရဲ့အသက် ၆ နှစ်အရွယ် ပထမတန်းတက်ရောက်နေတဲ့ သားတစ်ယောက်ကတော့ မျက်နှာကြွက်သားမသန်စွမ်းသူဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ရတဲ့အခါမှာတော့ ပိုဆိုးသွားခဲ့ပါတယ်။

နှာခေါင်းစည်းတပ်လိုက်ရင် အောက်ကိုကျကျသွားပြီး ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ကာ ခွင့်ပြုစာရယူခဲ့ပေမယ့် ကျောင်းကဆရာမတွေက ပြန်ပြင်တပ်ဆင်ပေးနေခဲ့ပါတယ်။
နိုင်ငံအနှံ့ရှိ စာသင်ကျောင်းကြီး ၃ ပုံ ၂ ပုံခန့်မှာ ကျောင်းသူကျောင်းသားတွေအနေနဲ့ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရပါတယ်။

အများစုတပ်ဆင်တဲ့ နှာခေါင်းစည်းတွေက ကျွမ်းကျင်သူတွေရဲ့အဆိုအရ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းကို ထိရောက်စွာမကာကွယ်နိုင်တဲ့ အဝတ်စနှာခေါင်းစည်းတွေဖြစ်ပါတယ်။အဲဒီအတွက် သင့်လျော်တဲ့ဖြေရှင်းချက်ကတော့ ပိုမိုအဆင့်မြင့်ကောင်းမွန်တဲ့ နှာခေါင်းစည်းတွေ အသုံးပြုဖို့ဖြစ်ပါတယ်။

အမေရိကန်ရှိ ဒုတိယအကြီးမားဆုံးကျောင်းတော်ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်ယူနီဖိုင်းကျောင်းကြီးမှာ ဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး အဝတ်စနှာခေါင်းစည်းတွေကို အသုံးမပြုဖို့ ပြင်ဆင်ထုတ်ပြန်လိုက်ပါတယ်။
ကယ်လီဖိုးနီးယားရှိ စာသင်ကျောင်းတွေကို N95 နဲ့ ကလေးသုံး KN95 နှာခေါင်းစည်း သန်းနဲ့ချီပြီး ဖြန့်ဝေခဲ့ပါတယ်။

အခြားဒေသတွေနဲ့ ကွဲပြားခြားနားတဲ့ ဘော့စတွန်၊ ဒန်ဗာ၊ ရောင်းရော့ခ်၊ တက္ကဆက် တို့မှာဆိုရင် ကျောင်းသားရေးတက်ကြွလှုပ်ရှားသူတွေဟာ ဘေးကင်းစိတ်ချရဖို့ အသက်ရှူကိရိယာပါတဲ့နှာခေါင်းစည်တွေကို တောင်းဆိုနေကြပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုတွေနဲ့ ဆေးရုံတက်ကုသခံယူရတဲ့ကလေးတွေ လက်ရှိမှာ များပြားနေဆဲဖြစ်ပါတယ်။ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC နဲ့ အမေရိကန်ကလေးအထူးကုအကယ်ဒမီတို့ကတော့ ကပ်ရောဂါစကတည်းက ကြေညာထားတဲ့အတိုင်း စာသင်ကျောင်းတွေအားလုံးမှာ ကလေးတွေနှာခေါင်းစည်းတပ်ဆင်ခိုင်းဖို့ ညွှန်ကြားထားပါတယ်။

အမေရိကန်ပြည်နယ်အချို့မှာ အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်နေပေမယ့် ကလေးအထူးကုတွေ၊ အာရုံကြောသိပ္ပံပညာရှင်တွေ၊ စာသင်ဆရာတွေနဲ့ 'ဒင်ဂယ်လ်'တို့လို မိဘတွေက ကလေးတွေမှာ အချိန်ကြာရှည်စွာ နှာခေါင်းစည်းတပ်ဆင်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း အသိပေးပြောကြားနေကြပါတယ်။
အရွယ်ရောက်ပြီးသူတွေ များစွာစုဝေးရှိနေတတ်တဲ့ စားသောက်ဆိုင်တွေ ဘားတွေမှာတောင် နှာခေါင်းစည်းတပ်ဆင်ဖို့ညွှန်ကြားချက်တွေ မတွေ့ရပေမယ့် ကလေးသူငယ်တွေမှာ မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ခိုင်းတာဟာ ဘယ်လိုလုပ်မျှတမှုရှိမှာလဲလို့ မေးခွန်းထုတ်လာကြပါတယ်။
Source: NPR