#WorldHealth
Published - 3 February 2022


ကိုဗစ်ကပ်ရောဂါကာလအတွင်း စွန့်ပစ်ခဲ့တဲ့ ဆေးထိုးအပ်ဟောင်းတွေ၊ အသုံးပြုပြီးသား ရောဂါစမ်းသပ်ကိရိယာပစ္စည်းတွေ၊ ကာကွယ်ဆေးပုလင်းဟောင်းတွေဟာ များသထက်များလာပြီး ကျန်းမာရေးသုံးစွန့်ပစ်ပစ္စည်းတွေ တန်ချိန်သောင်းနဲ့ချီပြီး စုပုံလာခဲ့ပါတယ်။

ထိုသို့စွန့်ပစ်ပစ္စည်းတွေ စုပြုံလာခြင်းက သဘာဝပတ်ဝန်းကျင်နဲ့ လူ့ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အင်္ဂါနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင်တာကြောင့် ရောဂါပိုးကူးစက်နိုင်တဲ့အစိတ်အပိုင်းကနေ ကျန်းမာရေးဝန်ထမ်းတွေ ဆေးထိုးအပ်စူးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါပိုးထိတွေ့ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

အမှိုက်ကျင်းစနစ် အားနည်းတဲ့နေရာတွေနဲ့နီးတဲ့ လူတွေမှာ အမှိုက်မီးရှို့ခြင်းမှ ထွက်လာတဲ့ညစ်ညမ်းလေထု၊ မကောင်းတဲ့ရေတွေနဲ့ ပိုးမွှားသယ်ဆောင်လာတဲ့ သတ္တဝါတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းတို့ပြုလုပ်ဖို့ တောင်းဆိုထားရာမှာ ထုတ်ပိုးသယ်ဆောင်ရာမှာ အသုံးပြုတဲ့ပလတ်စတစ်တွေ လျှော့သုံးဖို့နဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ပြန်လည်သုံးစွဲနိုင်တဲ့အရာတွေနဲ့ ပြုလုပ်ထားတဲ့ ကာကွယ်ရေးဝတ်စုံတွေကို လျှော့ချဖို့ ပါဝင်ပါတယ်။

၂၀၂၁ နိုဝင်ဘာလမတိုင်ခင်အထိ ကုလသမဂ္ဂမှ မှာယူခဲ့တဲ့ PPE ကာကွယ်ရေးဝတ်စုံတွေရဲ့ တန်ချိန်ဟာ စုစုပေါင်း ၈၇,၀၀၀ တန်ခန့်ရှိပြီး အများစုက စွန့်ပစ်ပစ္စည်းဖြစ်သွားခဲ့တယ်လို့ ယူဆလို့ရပါတယ်။
စစ်ဆေးကိရိယာပစ္စည်းပေါင်း သန်း ၁၄၀ ကနေ ပလတ်စတစ်အမှိုက်တန်ချိန် ၂,၆၀၀ ခန့် ထွက်ရှိလာနိုင်ပြီး အိုလံပစ်ရေကူးကန်တစ်ခုရဲ့ ၃ ပုံ ၁ ပုံလောက်ကို ဖုံးလွှမ်းသွားလောက်တဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေ ထွက်ရှိလာနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေး ၈ ဘီလီယံထိုးနှံမှုကနေ စွန့်ပစ်ထွက်ရှိလာတဲ့ ဖန်ပြွန်တွေ၊ ဆေးထိုးအပ်တွေ၊ ဆေးဘူးတွေရဲ့တန်ချိန်ဟာ ၁၄၄,၀၀၀ တန်လောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘယ်နေရာတွေမှာ စွန့်ပစ်ပစ္စည်းအမြောက်အများ စုပြုံနေတာလဲဆိုတာကို WHO က အတိအကျမပြောထားပေမယ့် အိန္ဒိယကျေးလက်ရှိ အမှိုက်စွန့်ပစ်ရေးစနစ်နဲ့ မာဒါဂတ်စ်ကာရှိ ကွာရန်တင်းအဆောက်အအုံများမှ မစင်အညစ်အကြေးတွေကို ရည်ညွှန်းချင်တာဖြစ်ပါလိမ့်မယ်။

ကပ်ရောဂါမတိုင်ခင်ကတည်းက ကျန်းမာရေးစောင့်ရှောက်စင်တာ ၃ ပုံ ၁ ပုံခန့်ဟာ စွန့်ပစ်ထားတဲ့ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့ဘဲ ဆင်းရဲတဲ့နိုင်ငံတွေမှာ ၆၀ ရာခိုင်နှုန်းလောက်အထိရှိကြောင်း WHO က ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post