Published 3 February 2022

CNNရဲ့ဥက္ကဋ္ဌ ဂျက်ဖ်ဇာတ်ခါဟာ သူ့အနေနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ချစ်ကြိုးသွယ်မိတာကို ဖွင့်ပြောဖို့ပျက်ကွက်ခဲ့တဲ့  အတွက် ရာထူးက နှုတ်ထွက်ခဲ့ပါတယ်။CNNဟာ ဒစ်ကာဗာရီရဲ့အစိတ်အပိုင်းဖြစ်လာတဲ့အခါ သူဟာ ပိုကြီးမားတဲ့တာဝန်ကို ထမ်းဆောင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။

အသက်၅၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ဇာတ်ခါရဲ့ ချစ်ဇာတ်လမ်းဟာ စီအင်န်အင်န်မှာ ယခင်မေးမြန်းခန်းတင်ဆက်ခဲ့တဲ့ ခရစ်စ် ကူမိုကို စုံစမ်းစစ်ဆေးရေးလုပ်စဉ်မှာ ပေါ်လာခဲ့တာပါလို့ သူကရုံးတွင်းထုတ်ပြန်စာမှာဖော်ပြခဲ့ပါတယ်။ ခရစ်ကူမိုဟာ လိင်ပိုင်းဆိုင်ရာ မတော်မလျော်ပြုခဲ့တယ်လို့စွပ်စွဲခံရတဲ့သူ့အစ်ကို နယူးယောက်အုပ်ချုပ်ရေးမှူးဟောင်း အင်ဒရူးကူမိုကို ကူညီခဲ့လို့ဆိုပြီး ဒီဇင်ဘာမှာ အလုပ်ကထုတ်ပစ်ခြင်းခံခဲ့ရပါတယ်။

“ အဲဒီကိစ္စဖြစ်တုန်းက ကျွန်တော့်အနေနှင့် ဖွင့်ပြောဖို့လိုအပ်ခဲ့ပေမယ့် ကျွန်တော်မလုပ်ခဲ့ပါဘူး” လို့ ဇာတ်ခါက ပြောပါတယ်။  သူဟာ ဝါနာမီဒီယာရဲ့ သတင်းနှင့်အားကစားဌာနခွဲဥက္ကဋ္ဌနေရာကပါ နှုတ်ထွက်ခဲ့တာပါ။

သူ့ရဲ့ပြောရေးဆိုခွင့်ရသူကတစ်ဆင့် ရိုက်တာက အင်တာဗျူးတောင်းခံတာကို ဇာတ်ခါကငြင်းဆန်ခဲ့ပါတယ်။ သူဟာ အိမ်ထောင်ကွဲတစ်ဦးဖြစ်တယ်လို့ သူ့ကိုယ်စားလှယ်ကပြောပါတယ်။

သူက သူနှင့်ချစ်ကြိုးသွယ်တဲ့လုပ်ဖော်ကိုင်ဖက်ဘယ်သူဆိုတာမပြောပေမယ့် သူမဟာ စီအင်န်အင်န်ရဲ့ ဈေးကွက်အရာရှိချုပ် အယ်လစ်ဆင်ဂိုလတ်စ်ဖြစ်ပါတယ်လို့ ဗုဒ္ဓဟူးနေ့က ရုပ်သံလွှင့်အစီအစဉ်တစ်ခုမှာ စီအင်န်အင်န်ရဲ့ မေးမြန်းတင်ဆက်သူ ဘရီယန်စတယ်လ်တာ ကပြောသွားပါတယ်။ သူမဟာ စီအင်န်အင်န်မှာဆက်ရှိနေတယ်လို့လည်း ဖြည့်စွက်ပြောသွား ပါသေးတယ်။

“ ဂျက်ဖ်နှင့်ကျွန်မတို့ဟာ နီးကပ်တဲ့မိတ်ဆွေတွေနှင့် လုပ်ငန်းဆိုင်ရာပါတနာတွေအဖြစ် အနှစ်၂၀ကျော် အလုပ်လုပ်ခဲ့ ကြပါ တယ်”လို့ သူမက သီးခြားထုတ်ပြန်တဲ့ ဌာနတွင်းဝေစာမှာ ပြောတယ်လို့ စတယ်လ်တာကပြောသွားပါတယ်။ “ သိပ်မကြာသေး ခင် ကိုဗစ်ကာလရောက်မှသာ ကျွန်မတို့ရဲ့ဆက်ဆံရေးက ပြောင်းသွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်မတို့ဖွင့်မပြောမိခဲ့တာ ကျွန်မတို့ဝမ်းနည်းရပါတယ်။ ကျွန်မအနေနှင့် စီအင်န်အင်န်နှင့်ရှိနေတဲ့အချိန်တွေကို အလွန်ဂုဏ်ယူပြီး နေ့စဉ် ကျွန်မတို့ လုပ်နေကျအလုပ်တွေကို ဆက်လုပ်ကိုင်သွားဖို့ မျှော်လင့်ထားပါတယ်” လို့ သူမက ရုံးတွင်းဝေစာမှာရေးသားထားပါတယ်။

ဂိုလပ်စ်ကို ရိုက်တာက သီးခြားမှတ်ချက်ပေးဖို့မေတ္တာရပ်ခံပေမယ့် ဘာမှမတုန့်ပြန်သေးပါဘူး။

လူတွေအတော်တုန်လှုပ်သွားကြတယ်လို့ စီအင်န်အင်န်ဝန်ထမ်းဟောင်းတစ်ဦးကပြောပါတယ်။ “ ဂျက်ဖ်ဟာ ကပ်ဘေးကာလ တလျေက် လူတော်တောများများနှင့်အတော်နီးနီးကပ်ကပ်ရှိနေခဲ့တာပါ”  လို့သူကဆက်ပြောပါတယ်။

၂၀၁၃ခုနှစ်မှာ စီအင်န်အင်န်ကို ရောက်လာတဲ့ ဇာတ်ခါဟာ အစောပိုင်းအောင်မြင်မှုမှတ်တမ်းတွေကြောင့် ရုပ်သံလောကမှာ နာမည်ကောင်းရှိသူတစ်ဦးဖြစ်ပါတယ်။ အသက်၂၀ကျော်ဝန်းကျင်မှာ သူဟာ အင်န်ဘီစီရဲ့ “တူဒေး” အစီအစဉ်မှာ အမှုဆောင် ထုတ်လုပ်ရေးမှူးလုပ်ခဲ့ပါတယ်။အဲဒီနောက်အင်န်ဘီစီအင်တာတိန်းမန့်ရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။

မီယာမီမှာမွေးဖွားကြီးပြင်းခဲ့တဲ့သူဟာ နယူးယောက်မှာနေထိုင်ပြီး သားသမီး(၄)ဦးရှိပါတယ်။

Source Reuters