Published: 26 July 2021
ဂျပန်ကုမ္ပဏီတစ်ခုဟာ ဖိုက်ဇာကုမ္ပဏီနှင့် မာ့ခ်အင်ကုမ္ပဏီတို့နှင့်အတူ တစ်ရက်တစ်လုံးသောက် ကိုဗစ်-၁၉ကုသဆေးကို လူသားတွေနှင့် ပထမဆုံးအကြိမ်စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။
ကိုလက်စထရောဆေး ခရက်စတာ ထုတ်လုပ်ရာမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အိုဆာကာအခြေစိုက် ရှီအိုနိုဂီအင်ကုမ္ပဏီ Shionogi & Co ဟာ ကိုဗစ်-၁၉ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ ဆေးကို ဖန်တီးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ တစ်ရက်ကို တစ်လုံးသာသောက်ရတဲ့အတွက် ပိုအဆင်ပြေတယ်လို့လည်းဆိုပါတယ်။ သူတို့ဟာ ဒီလမှာ စမ်းသပ်မှုတွေ စတင်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးအခြေအနေကိုလည်းစမ်းသပ်နေပါတယ်။ ဒီစမ်းသပ်မှုဟာ လာမယ့်နှစ်အထိရောက်သွား ကောင်းရောက်သွားနိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
ရှီအိုနိုဂီဟာ ဖိုက်ဇာနှင့် မာ့ခ်တို့နောက်မှာ ရှိနေပါတယ်။ ဖိုက်ဇာနှင့် မာ့ခ်တို့ကတော့ ကိုဗစ်-၁၉ကုသဖို့ ဆေးတွေကို ပိုပြီး ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေစတင်ပြီးခဲ့ပါပြီ။ ဖိုက်ဇာရဲ့ကိုဗစ်ကုဆေးဟာ တစ်ရက်ကိုနှစ်ကြိမ်သောက်ဖြစ်ပြီး ဒီနှစ်အတွင်း ဈေးကွက်ကိုရောက်နိုင်ခြေရှိပါတယ်။ သူတို့ဟာ လူပေါင်း၂၀၀၀ကျော်နှင့် ဗိုင်းရပ်စ်သုတ်သင်ဆေးတွေကို စမ်းသပ်ဖို့ပြင် ဆင်နေပါတယ်။
ဒီကုမ္ပဏီသုံးခုစလုံးဟာ ကပ်ရောဂါကိုတိုက်ဖျက်ရာမှာ အကြီးမားဆုံးကွက်လပ်တွေထဲက တစ်ခုကိုဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားကြတာဖြစ်ပါတယ်။ ကာကွယ်ဆေးကတော့ ကူးစက်အလွန်မြန် ဒယ်လ်တာမျိုးဗီဇကွဲ အပါအဝင် ကိုဗစ်-၁၉ဗိုင်းရပ်စတွေကြောင့် အသည်းအသန်ဖျားနာမှုကို ကာကွယ်ပေးရာမှာ ထိရောက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အချို့ လူတွေက ကာကွယ်ဆေးမထိုးချင်ကြသေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးတဲ့သူတွေကို ကူးစက်နိုင်တုန်းပဲဖြစ်နေပါတယ်။
ဗိုင်းရပ်စ်သုတ်သင်ဆေး remdesivir အပါအဝင် လက်ရှိကုသမှုတွေဟာ ဆေးရုံမှာပဲ ကုသရပြီး အချို့အခါများမှာပဲ ထိရောက်တတ်ပါတယ်။ အခြား မိုနိုကလိုနယ်ပဋိပစ္စည်းဆေးတွေဖြစ်တဲ့ ရီဂျင်နရွန်တို့ စတီရွိုက် ဒီဇက်မက်သဇွန်းတို့လို ဆေးတွေကလည်း ဆေးရုံသုံးတွေဖြစ်ပါတယ်။
“ ကျွန်တော်တို့က အလွန်စိတ်ချရတဲ့ Tamiflu လို Xofluza လို သောက်ဆေးမျိုးအထိ ရည်မှန်းလုပ်ဆောင်နေတာပါ” လို့ ရှီအိုနိုဂီရဲ့ အမှုဆောင်အရာရှိချုပ် အိုင်ဆာအိုတက်ရှီရိုဂီကပြောပါတယ်။ သူတို့ရဲ့ ကိုဗစ်-၁၉ကုဆေးဟာ ဆေးသောက်ပြီး ငါးရက်မှာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်သွားစေဖို့ ရည်မှန်းလုပ်ဆောင်ထားပါတယ်လို့ သူကဆက်ပြောပါတယ်။
ဒေါက်တာ တက်ရှီရိုဂီက သူတို့ဟာ ဂျပန်နိုင်ငံမှာ ကျန်းမာတဲ့သူ အယောက်၅၀ကနေ အယောက်၁၀၀တအထိ နှင့် စမ်းသပ်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒီထက်ကျယ်ပြန်တဲ့စမ်းသပ်မှုတွေကိုတော့ ဂျပန်မှာ ယခုနှစ်ကုန်ပိုင်း စတင်နိုင်မယ်လို့လည်း သူကပြောပါတယ်။
ဆေးဝါးစမ်းသပ်မှုတွေမှာ ကျရှုံးနိုင်ခြေကတော့ ပုံမှန်အားဖြင့်မြင့်မားတတ်ပါတယ်လို့ ကိုဗစ်-၁၉ကုသရေးတွေကို သုတေသန လုပ်နေကြသူတွေကပြောကြပါတယ်။ မအီမသာဖြစ်တာမျိုး အင်မတန်မှ ပျော့တဲ့ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုရင်တောင် အဲဒီလိုဆေးကို အိမ်တွင်းသုံးဆေးအဖြစ် လက်တွေ့မဖြစ်နိုင်ဘူးလို့ သူတို့ကဆက်ပြောပါတယ်။ လူနာဆီက ဗိုင်းရပ်စ်ကို သုတ်သင်တယ်ဆိုတဲ့နေရာမှာလည်း အဲဒါက လူတွေဆေးရုံပေါ်ရောက်သည်အထိ ဖြစ်ရတဲ့ အောက်ဆီဂျင်ကျသွားတာမျိုးလို ကိစ္စတွေကို လျှော့ချပေးနိုင်တယ်လို့ဆိုလိုချင်တာလား..၊ အဲဒါတွေ မသိနိုင်သေးဘူးလို့ သူတို့ကပြောပါတယ်။
ဖိုက်ဇာနှင့် ရှီအိုနီဂီတို့ရဲ့ဆေးက ပရိုတိစ် protease လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးကို ဟန့်တားပေးခြင်းဖြင့် ကူးစက်မှုကိုတားဆီးပေးတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်က လူ့ဆဲလ်‌တွေအတွင်းပွားဖို့ အဲဒီအင်ဇိုင်းလိုအပ်တာပါ။ ပရိုတိစ်တားဆေးဟာ ခုခံအားကျဆင်းရောဂါဖြစ်စေတဲ့ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်အပါအဝင် အခြားဗိုင်းရပ်စ်တွေကို တိုက်ဖျက်တဲ့နေရာမှာကျယ်ကျယ်ပြန့် ပြန့် သုံးနေပါတယ်။
ရှီအိုနီဂီက ဒေါက်တာ တက်ရှီရိုဂီက ကုမ္ပဏီရဲ့ဆေးရဲ့အာနိသင်ကို ထိုးဖောက်ဖို့ ဗိုင်းရပ်စ်ဟာ လွယ်လွယ်ကူကူနှင့် သန္ဓေမပြောင်းနိုင်ဘူးဆိုတာ ကနဦးသုတေသနပြုချက်အရသိရတယ်လို့ ပြောပါတယ်။
မာ့ခ်ကုမ္ပဏီက သူတိုရဲ့ဆေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အီဘိုလာအတွက် ဖြစ်နိုင်တဲ့ကုသနည်းအဖြစ် လေ့လာထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ လူနာတွေရဲ့ ဗိုင်းရပ်စ်ပိုးအရေအတွက်ကို အောင်မြင်စွာလျှော့ချပစ်နိုင်တယ်၊ပြီးတော့ ဆေးရုံတက်ရနိုင်ချေလည်း နည်းပါးစေပါတယ်လို့ ဧပြီလတုန်းကပြောထားခဲ့ပါတယ်။
molnupiravir လို့အမည်ပေးထားတဲ့ အဲဒီဆေးကို အမေရိကန်အက်ဖ်ဒီအေကသာ ခွင့်ပြုခဲ့ရင် ဒေါ်လာ၁.၂ဘီလျံတန်ဖိုးရှိတဲ့ ဆေးကုသမှုပေါင်း ၁.၇သန်းအထိ ရောင်းပေးဖို့ မာ့ခ်ကုမ္ပဏီက အမေရိကန်အစိုးရနှင့်ပြောဆိုပြီးပါပြီ။ လူနာတစ်ယောက်ကို ဆေးကုသတန်ဖိုးဟာ ဒေါ်လာ ၇၀၀ရှိတယ်လို့ မာ့ခ်က ပြောပါတယ်။
လက်ရှိကုသခံနေရတဲ့လူနာတွေနှင့် စမ်းသပ်တာတွေကန့်သတ်ဖို့ သူတို့မှာ အစီအစဉ်မရှိဘူးလို့ ဒေါက်တာ တက်ရှီရိုဂီက ပြောပါတယ်။ သူတို့ဆေးကသာ အာမခံနိုင်ခဲ့ရင် ရှီအိုနိုဂီကုမ္ပဏီအနေနှင့် ကမ္ဘာ့အဆင့် ဆေးကုမ္ပဏီတွေနှင့် ပူးပေါင်းပြီး ကမ္ဘာအနှံဖြန့်တာမျိုးဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
Source: The Wall Street Journal: Covid-19 Pill Race Heats Up as Japanese Firm Vies With Pfizer, Merck